သင့်ရဲ့အစားစားချင်စိတ်ကို ထိန်းချုပ်နေတဲ့ ဟော်မုန်းနှစ်ခုရှိပါတယ်။ Ghrelin ခေါ် ဆာလောင်စေသော ဟော်မုန်းနှင့် Leptin ခေါ် ဗိုက်ပြည့်စေတဲ့ ဟော်မုန်းတို့ပဲဖြစ်ပါတယ်။ ထိုဟော်မုန်းနှစ်ခု ညီမျှနေမှသာ သင့်ရဲ့အစား စားချင်စိတ်က သာမန်လူတစ်ယောက်ရှိသင့်ရှိထိုက်တဲ့ အစားစားချင်စိတ်ကို ဖြစ်ပေါ်နေမှာဖြစ်ပါတယ်။

တကယ်လို့ သင်ဟာ အိပ်ရေးမဝဘူးဆိုရင်တော့ ထိုဟော်မုန်းနှစ်ခုက ကမောက်ကမဖြစ်ကုန်မှာ ဖြစ်ပါတယ်။ ဝိတ်ချဖို့အတွက် စိတ်ကူးနေတယ်ဆိုရင်တော့ အိပ်ရေးဝဝ အိပ်စက်အနားယူဖို့လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ …

အိပ်ရေးပျက်ခြင်းက အဝလွန်စေလို့

လွန်ခဲ့တဲ့တစ်နာရီလောက်ပဲ အစား စားထားပေမယ့် တစ်ခုပြီးတစ်ခု ထပ် ထပ်စားချင်နေပါသလား။ ဒါဆိုရင် သင်ညက အိပ်ရေး ပျက်ထားလို့ပဲ ဖြစ်ပါတယ်။

အိပ်ရေးပျက်ပြီး အဝမလွန်အောင် ဘယ်လိုလုပ်သင့်သလဲ။

အိပ်စက်အနားယူတဲ့အခါ မီးပိတ်ပြီး အိပ်စက်အနားယူပါ။ မီးဖွင့်ထားတဲ့အခါ အိပ်စက်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါ့အပြင် အိပ်ရာ စောစောဝင်ဖို့လည်း လိုအပ်ပါတယ်။ အိပ်ရာဝင်နောက်ကျတဲ့အခါ ကယ်လိုရီအများအပြားကို အလွန်အကျွံ စားသုံးမိနိုင်ပါတယ်။

အိပ်ရာ စောစောဝင်ခြင်းက ညလယ်စာ မစားမိအောင် ကာကွယ်ပေးလို့

အိပ်ရာဝင်ခါနီး ၂ နာရီအလိုကတည်းက စားချင်တာတွေ အပြီးသတ်ထားပါ။ မတော်လို့ ဗိုက်ဆာတယ်ဆိုရင်တောင်မှ အချိုဓာတ်လွန်ကဲတဲ့အစားအစာများ မစားပါနဲ့။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ သစ်သီးတစ်မျိုးမျိုး၊ အဆီထုတ်ထားသော ဒိန်ချဉ် စသည်တို့ကို စားသုံးနိုင်ပါတယ်။

အိပ်စက်ခြင်းက ကိုယ်ကာယ လုပ်ဆောင်နိုင်စွမ်းကို တိုးမြှင့်ပေးလို့

လေ့ကျင့်ခန်း စွမ်းဆောင်ရည် ကောင်းမွန်ဖို့အတွက် အိပ်ရေးဝဝ အိပ်စက်အနားယူဖို့လိုအပ်ပါတယ်။ သင် အနားယူတဲ့အချိန်မှာ ကြီးထွားမှုဟော်မုန်းများ တိုးမြှင့်လာမှာဖြစ်ပြီး ကြွက်သားများလည်း ကြီးထွားသန်မာလာမှာဖြစ်ပါတယ်။

ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်နေချိန်မှာ လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် အင်မတန်မှ အန္တရာယ်များပါတယ်။ အထူးသဖြင့် အလေးမတဲ့အချိန်မှာပါ။ ဒါ့ကြောင့်မို့ အိပ်ရေးဝဝ အိပ်စက်ခြင်းက အရေးကြီးတယ်လို့ ပြောနေရခြင်း ဖြစ်ပါတယ်။

အလွန်အကျွံ အိပ်စက်ခြင်းသည်လည်း ဝိတ်တက်စေပါတယ်

အိပ်ရေးပျက်တဲ့အခါ အဝလွန်စေတယ်။ ဒါဆိုရင်တော့ အိပ်ရေး ဝဝအိပ်မှပဲဆိုပြီး အသားကုန်အိပ်စက်ခြင်းသည်လည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဝိတ်တက်စေပြီး ရုပ်ရင့်စေပါတယ်။

ဒါဆိုရင် တစ်ညကို ဘယ်နှနာရီလောက် အိပ်ရမလဲ။

တစ်ညလျှင် ၇ နာရီမှ ၉ နာရီကြား အိပ်စက်အနားယူခြင်းသည် အကောင်းဆုံးပဲဖြစ်ပါတယ်။

သင်ရော တစ်ရက်လျှင် ဘယ်နှနာရီခန့် အိပ်စက်အနားယူလေ့ရှိပါသလဲ။