သူစိမ်းနှစ်ယောက်က ချစ်သူတွေအဖြစ်ရှိလာပြီဆိုရင် အားလုံးထက် အနီးစပ်ဆုံးရင်းနှီးဆုံးသူတွေဖြစ်သွားကြပြီပဲ မဟုတ်လား။ အဲဒီအချိန်မှာ အဓိကလိုအပ်လာတဲ့အရာကတော့ တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းနဲ့ နားလည်မှုရှိရှိချစ်တတ်ဖို့ပါပဲ။ တခါတလေမှာ ပြောပြဖို့ မလိုအပ်ဘူးထင်ပြီး ထားလိုက်တဲ့အရာတွေက သူနဲ့ကိုယ်အကြားမှာ အဖုအထစ်လေးတွေဖြစ်သွားနိုင်ပြီး ဘာမဟုတ်တာတွေဖုံးကွယ်ထားတာတွေ များလာရင်တော့ အဲဒီစုံတွဲက တကယ်တမ်းမှာတော့ အချစ်ရဲ့ ပျော်ရွှင်မှု အစစ်အမှန်ကို မခံစားရတဲ့အပြင် ကြာလာတာနဲ့အမျှ ယုံကြည်မှုတွေပါ လျော့နည်းသွားတတ်ကြပါတယ်။ ဒါကြောင့် တစ်ခုခုဆို ပွင့်ပွင့်လင်းလင်းမရှိတဲ့ အချစ်ရေးတွေမှာ ရင်ဘတ်ချင်းဝေးကွားရတဲ့အပြင် ဒီလိုအကျိုးဆက်တွေ ရှိနေတတ်ပါတယ်နော်။

စိတ်သဘောထားကွဲလွဲမှုတွေ ဖြစ်လာစေတယ်

တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းမှုမရှိတဲ့အခါ တစ်ယောက်အကြောင်း တစ်ယောက် သေချာမသိတော့ပဲ အခက်အခဲတွေကို ပိုများလာစေ တတ်ပါတယ်။ ဘာမဟုတ်တဲ့ အသေးအမွှားလေးတွေကအစ လိုက်ညှိဖို့ ခက်ခဲလာသလို နှစ်ယောက်လုံးက စိတ်သဘောထားချင်းမတိုက်ဆိုင်တာတွေ ကြုံတွေရတတ်ပါတယ်။ နောက်ပိုင်းမှာ ဘာမဟုတ်တဲ့အရာတွေကြောင့် သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်လာတတ်ပြီး ဒါတွေက မပွင့်လင်းခြင်းကြောင့် ဖြစ်ပေါ်လာရတဲ့ အကျိုးဆက်တွေကြောင့်ပဲ ဖြစ်ပါတယ်။

အပြန်အလှန်နားလည်မှုမရှိတော့ဘူး

အချစ်တစ်ခုမှာ အရေးအကြီးဆုံး အချက်ကတော့ အားလုံးသိကြတဲ့အတိုင်း တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးနိုင်မှုပဲ ဖြစ်ပါတယ်နော်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း မရှိတဲ့ စုံတွဲတွေဟာ ဘာတွေကို နားလည်ပေးရမယ်၊ ဘယ်အရာတွေကို ညှိနှိုင်းရမယ်ဆိုတာ မသိနိုင်တော့ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ဖုံးကွယ်တာတွေ မြိုသိပ်တာတွေ များလာမယ်ဆိုရင်တော့ တစ်ဖက်လူက ဘယ်လိုနားလည်ပေးရမှန်း မသိနိုင်ဘူးလေနော်။ ဒါက တကယ့်ကို ဆိုးဝါးတဲ့ အခြေအနေတစ်ခုကို ဖြစ်လာစေနိုင်တဲ့ လမ်းစပဲဖြစ်ပါတယ်။

ဝေးကွာနေသလို ခံစားရစေပါတယ်


ချစ်သူနှစ်ဦးရဲ့ဆက်ဆံရေးမှာ ပွင့်လင်းမှုတွေမရှိဘူးဆိုရင် ထင်သလောက် ရင်းနှီးမှုမရှိတာတော့ အမှန်ပါပဲ။ တစ်ယောက်ရဲ့စိတ်ကို တစ်ယောက်က မသိတာတို့ မရင်းနှီးတာတွေက ဘယ်လောက်ပဲ ကိုယ့်ချစ်သူဖြစ်နေပါစေ ကိုယ်နဲ့ ရင်းနှီးဖို့ကို စည်းတစ်ခု ခြားထားသလိုဖြစ်စေပြီး နွေးထွေးမှုမရှိပဲ ဝေးကွာနေသလို ခံစားရစေပါတယ်။

ပျော်ရွှင်နွေးထွေးမှု မရှိသလို ခံစားရစေပါတယ်

အချစ်ဆိုတာ ပျော်ရွှင်နွေးထွေးမှုကို ပေးသလို၊ စိတ်ဆင်းရဲတာတွေကိုလည်း ပေးတဲ့အရာပဲဖြစ်ပါတယ်။ ဒါက ကိုယ်ကိုယ်တိုင် အချစ်ကို ကိုင်တွယ်တဲ့ နည်းနဲ့လည်း သက်ဆိုင်ကောင်း သက်ဆိုင်နေတတ်ပါတယ်။ ပွင့်လင်းမှု မရှိတဲ့ ချစ်သူစုံတွဲတွေက ပျော်ရွှင်မှုဆိုတာကို မခံစားနိုင်ပါဘူး။ စောစောက ပြောခဲ့တဲ့ အချက်တွေကို လိုက်ညှိမရတဲ့အခါ ချစ်ရမှာ အရမ်းပင်ပန်းလာတတ်ပြီး အဲဒီ့ဆက်ဆံရေးက ကျိုးပဲ့ပျက်စီးလွယ်တဲ့အခြေအနေကို ရောက်လာတတ်ပါတယ်။ ဒါကြောင့် အချစ်ရေးမှာ နှစ်ဦးနှစ်ဖက် ပွင့်လင်းမှုက တကယ့်ကို အရေးကြီးပါတယ်။

ဒါကြောင့် ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်အတွက်က ကိစ္စမရှိဘူးဆိုပြီး ကိုယ့်ချစ်သူကို မပြောပြလည်းရတယ်ဆိုပြီး ထားလိုက်တဲ့အချိန်တွေ ရှိဖူးလား? တကယ်ပဲ့ သူကို မပြောပြလည်း ဘာမှမဖြစ်ဘူးဆိုတာ သေချာလားဆိုတာပြန်စဉ်းစားပါ။ တခါတလေမှာ ကိုယ့်အတွက် ဘာမှမဟုတ်ပေမယ့် သူအတွက်တော့ အရေးပါတဲ့အရာလေးတွေဖြစ်နေတတ်ပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းမှုရှိပြီး နားလည်မှုရှိရင်တော့ သင့်တို့အချစ်က အရမ်းသာယာဖြောင့်ဖြူးပြီး အေးချမ်းတဲ့အချစ်လမ်းခရီးလေးပဲဖြစ်မှာပါနော်….