အိပ်ယာမဝင်မှီ ရေချိုးခြင်း (သို့) ရေနွေးနဲ့ရေစိမ်ခြင်းက ညဘက်ကောင်းမွန်စွာအိပ်စက်အနားယူပါတယ်။ ဂျပန်လူမျိုးတွေက ဒီဓလေ့ကိုကျင့်သုံးလာခဲ့တာနှစ်ပေါင်း ကြာနေပါပြီ။ သူတို့ဟာ ညဖက်ရေစိမ်ချိုးခြင်း ယဉ်ကျေးမှုကို အလေးထားကြတယ်။

ဒီနေ့ ဂျပန်တွေရဲ့ ရေချိုးခြင်းယဉ်ကျေးမှုအကြောင်း ပရိသတ်တွေ ဗဟုသုတရအောင် ပြောပြပေးလိုက်ပါတယ်။

ဂျပန်တွေဟာ ရေစိမ်တော့မယ်ဆိုရင် အဆင့်တွေအများကြီး လုပ်ရပါသေးတယ်။ ပထမဦးစွာ ဖုန်တွေ၊ ချွေးတွေ ပြောင်သွားအောင် ရေချိုးပေးရပါတယ်။ ပြီးမှသာ ရေစိမ်ကန်ထဲမှာ အေးအေးဆေးဆေး ရေစိမ်ချိုးလေ့ရှိပါတယ်။ ရေစိမ်ကန်ထဲမှာ ခန္ဓာကိုယ်အတွက်ကောင်းမွန်တဲ့ လက်ဖက်စိမ်း နဲ့ တခြားဆေးဖက်ဝင် အရွတ်တွေ ထည့်သွင်းလေ့ရှိကြတယ်။

မနက်ခင်းမှာ ဇိမ်ခံပြီး ရေချိုးတဲ့အလေ့အထဟာ ဂျပန်မှာသာမက တခြားနိူင်ငံတွေမှာလည်း တွေ့လေ့မရှိပါဘူး။ (၁၉) ရာစုလောက်မှာ ဂျပန်နိုင်ငံတွင် ရေပူမရှိတာကတစ်ကြောင်း ရေပူပေးစက်တွေ မပေါ်သေးတာကတစ်ကြောင်း ရေနွေးနဲ့ရေချိုးဖို့အတွက် ရေနွေးအိုးတွေတည်ရလေ့ရှိပါတယ်။ ရေနွေးတည်တာက အချိန်တွေအများကြီး ပေးရလေ့ရှိပါတယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေတော်တော်များများက ညဖက်ရေချိုးတဲ့ ယဉ်ကျေးမှုကို ကျင့်သုံးလေ့ရှိပါတယ်။

ဂျပန်နိုင်ငံမှာ အများပြည်သူသုံး ရေပူစမ်းဟာလည်း နာမည်ကြီးကြပါတယ်။ အသက်အရွယ်မရွေး သွားရောက်ပြီး အပန်းဖြေလေ့ရှိကြတယ်။ ဒါဟာ ဂျပန်နိုင်ငံမှာ ဖျော်ဖြေရေးတစ်ခုလိုဖြစ်နေပါပြီ။

ဂျပန်လူမျိုးတွေဟာ အလုပ်ကိုအလွန်စွဲလန်းနေကြတဲ့ သူတွေပါ။ ဂျပန်လူမျိုးတွေရဲ့ (၄.၅) သန်းခန့်ရှိတဲ့ အချိန်ပြည့်အလုပ်သမားတွေမှာ အမြဲတမ်းအလုပ်အပြင် တခြားအချိန်ပိုင်းလုပ်ရတဲ့ အလုပ်တစ်ခုရှိတယ်လို့ စစ်တမ်းတွေက ဖော်ပြထားကြတယ်။ ဂျပန်လူမျိုးတွေက အလုပ်အတွက် အချိန်တွေအများကြီးပေးလေ့ရှိပြီး အလုပ်ချိန်ကိုလည်း လေးစားကြပါတယ်။

မိနစ်အနည်းငယ်နောက်ကျပြီးမှ ရောက်သွားရင်တောင် သူတို့မှာ အပြစ်ကြီးတစ်ခုလုပ်ထားသလို ခံစားရစေပါတယ်။ မနက်ခင်း အလုပ်သွားရတဲ့အချိန်မှာ ဂျပန်လူမျိုးတွေအတွက် အားလပ်ချိန်ဆိုတာ မရှိသလောက်ရှားပါတယ်။ ဒါကြောင့် မနက်ခင်းမှာ ဂျပန်လူမျိုးအများစုဟာ ရေချိုးလေ့မရှိကြပါဘူး။

ဂျပန်နိုင်ငံရဲ့ နွေရာသီဟာ ပူပြီးတော့စိုစွတ်ပါတယ်။ ပြီးတော့ သူတို့လူမျိုးအများစုဟာ ကိုယ်ပိုင်ကားထက် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကို အသုံးပြုကြတာများပါတယ်။ ဒါကြောင့် အလုပ်တွေပြီးပြီ ညနေအိမ်ပြန်ရောက်တဲ့အချိန်မှာ ရေမချိုးရရင် အဆင်မပြေပါဘူး။

ပြီးတော့ ဆောင်းရာသီရောက်ရင်လည်း ဂျပန်လူမျိုးတွေရဲ့အိမ်မှာ အလွန်အေးပါတယ်။ ဒါကြောင့် အိပ်ယာမဝင်ခင် ရေပူပူလေး စိမ်လေ့ရှိကြတယ်။