တခါတရံမှာ အမျိုးသားတွေက သူတို့ရဲ့သမီးရည်းစားဆက်ဆံရေးကို သိုသိုသိပ်သိပ်နဲ့ လူသိမခံစေချင်ကြပါဘူး။ အထူးသဖြင့် ရည်းစား စစဖြစ်ချင်း အစောပိုင်းကာလတွေမှာပေါ့။ အချို့ကောင်မလေးတွေကလည်း သူတို့ရဲ့သမီးရည်းစားဆက်ဆံရေးကို လူသိမခံစေချင်တာ သူတို့ကို တကယ်မချစ်လို့ဆိုပြီး မှတ်ယူတတ်ကြပါတယ်။

ကောင်လေးတွေအနေနဲ့ မိမိချစ်သူက ကိုယ့်ကို အဲ့ဒီလိုစွပ်စွဲလာပြီဆိုရင် ဘယ်လိုဖြေရှင်းရမလဲ ဘယ်လိုအကြောင်းပြချက် ကောင်းကောင်းပေးရမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

အခြားသူတွေရဲ့အထင်အမြင်ကို နားမထောင်ချင်လို့

အမျိုးသားတွေက သူတို့ရဲ့သမီးရည်းစားအကြောင်းကို လူသိနည်းလေ၊ ပြဿနာနည်းလေ၊ ကိုယ့်ချစ်သူနဲ့ ပိုအဆင်ပြေလေလို့ မှတ်ယူကြပါတယ်။ ဒါ့ကြောင့်လည်း သူတို့ရဲ့သမီးရည်းစားဆက်ဆံရေးကို တော်ရုံလူသိမခံစေချင်ကြပါဘူး။ ဒါပေမဲ့ ဘယ်သူတစ်ဦးတစ်ယောက်နဲ့မှ မမိတ်ဆက်ပေးတာထက်စာရင် အခင်ဆုံးဘော်ဒါတွေနဲ့ မိတ်ဆက်ပေးထားသင့်ပါတယ်။ ဒါမှလည်း ကောင်မလေးက ယုံကြည်မှာမဟုတ်လား။

သူ့ကောင်မလေးကို တခြားသူက ဖြတ်ခုတ်သွားမှာစိုးလို့

အရမ်းချစ်တတ်တဲ့ကောင်လေးတွေက အင်မတန်သဝန်တိုတတ်ကြတာကြောင့် ကိုယ့်ကောင်မလေးကို အခြားတစ်ယောက်က လုယူသွားမှာကို စိုးရိမ်တတ်ကြပါတယ်။ ထိုကောင်လေးတွေအတွက် အကြံပေးချင်တာကတော့ ကိုယ့်သမီးရည်းစားဆက်ဆံရေးမှာ ယုံကြည်မှုခိုင်မြဲအောင် တည်ဆောက်ပါ။ ကိုယ့်ကောင်မလေးရဲ့ကိုယ်ကျင့်တရားကို ယုံကြည်ပါ။ ကိုယ့်ကောင်မလေးက ကိုယ့်ကို ချစ်ရိုးမှန်ရင် တတိယလူ ဝင်လာလည်း ကြောက်စရာမလိုပါဘူး။

လမ်းခွဲပြီးတာ မကြာသေးလို့

ရည်စားဟောင်းကြောင့် အသည်းကွဲတာကို မြန်မြန်ဆန်ဆန်ကုစားချင်ဇောနဲ့ ရည်းစားအသစ် ထပ်ထားဖူးပါသလား။ ဒါဆိုရင်တော့ ဒီခံစားချက်ကို သင် ခံစားဖူးပါလိမ့်မယ်။ ရည်းစားဟောင်းအပေါ် စိတ်မပြတ်သေးနိုင်တာကြောင့်ပဲဖြစ်ဖြစ် ရည်းစားဟောင်းနဲ့ ပြန်အဆင်ပြေနိုင်ကောင်းပါရဲ့ဆိုပြီး မျှော်လင့်နေတာကြောင့်ပဲဖြစ်ဖြစ် လက်ရှိ သမီးရည်းစားဆက်ဆံရေးကို လူသိမခံစေချင်ကြပါဘူး။

ဒီလိုအခြေအနေမျိုးဆိုရင်တော့ အကြံပေးချင်တာတစ်ခုကတော့ ကိုယ့်ရဲ့ခံစားချက်ကို အရင်ဆုံးသေချာအောင် ဆန်းစစ်ပါ။ ကိုယ့်ကို မချစ်နိုင်တော့လို့ လမ်းခွဲသွားတဲ့ကောင်မလေးအပေါ်မှာလည်း မြန်မြန်စိတ်ဖြတ်သင့်ပြီး ကိုယ် တကယ်မချစ်တဲ့ကောင်မလေးကိုလည်း စိတ်ဒုက္ခမပေးတာ အကောင်းဆုံးပါပဲ။

ထားခဲ့ခံရမှာကြောက်လို့

အချို့ပေါ်ပြူလာဖြစ်ပြီး နာမည်ကြီးတဲ့ကောင်လေးတွေ ဥပမာ- အဆိုတော်၊ မင်းသား၊ မော်ဒယ်အလုပ် လုပ်ကိုင်ကြသူတော်တော်များများက သူတို့ရဲ့သမီးရည်းစားဆက်ဆံရေးကို လူသိမခံစေချင်ကြပါဘူး။ ရည်းစားရှိကြောင်း လူသိသွားတဲ့အခါ ပရိသတ်အားပေးမှု လျော့သွားမှာ စိုးတာကတစ်ကြောင်း၊ မတော်လို့ ကောင်မလေးက ထားခဲ့တဲ့အခါ အလှောင်ခံရမှာကို ကြောက်တာကြောင့်ရော သူတို့ရဲ့သမီးရည်းစားဆက်ဆံရေးကို နှစ်ကိုယ်ကြားပဲ သိုသိုသိပ်သိပ် ထားကြပါတယ်။

ဒီလိုဆိုရင်တော့ ကောင်မလေး နားလည်လက်ခံအောင် ပြောပြသင့်သလို ကိုယ်တိုင်ကလည်း ယုံကြည်စရာကောင်းအောင် နေပြဖို့လည်း လိုပါတယ်။

ကဲ… ဒါဆိုရင်တော့ ကောင်မလေးက သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေ၊ မိဘဆွေမျိုးတွေနဲ့ ဘာလို့ မိတ်မဆက်ပေးသေးတာလဲလို့ မေးလာတဲ့အခါ ဘယ်လိုမျိုး ခိုင်လုံတဲ့အကြောင်းပြချက်ကောင်းတွေ ပေးမလဲဆိုတာကို သိသွားကြပြီလို့ မျှော်လင့်ပါတယ်။

Source: Brightside.me