သာယာငြိမ့်ညောင်းတဲ့ တေးသီချင်းများက လူသားတွေရဲ့စိတ်ကို နူးညံ့စေပါတယ်။ အထူးသဖြင့် မနက်ခင်းအချိန်အခါမှာ ဖွင့်ကာ နားသောတဆင်မယ်ဆိုရင် သင့်ရဲ့စိတ်နှလုံးက ပျော်ရွှင်ဖွယ်ခံစားချက်ကို ခံစားရပါလိမ့်မယ်။

မနက်ခင်း နိုးထလာတဲ့အချိန်မှာ မှုန်ကုပ်ကုပ်နဲ့ စိတ် မကြည်မလင်ဖြစ်နေတယ်ဆိုရင် သင် အကြိုက်ဆုံး သီချင်းတစ်ပုဒ်ဖွင့်ကာ နားဆင်ကြည့်လိုက်ပါ။ သူ့အလိုလို ပျော်ရွှင်လာပါလိမ့်မယ်။ ဒါ့အပြင် မနနက်ခင်း နိုးထဖို့ရန်အတွက် သင့်အကြိုက်ဆုံးသီချင်းကို Alarm လုပ်ပေးထားနိုင်ပါတယ်။

ဒီလိုမျိုး မနက်နိုးနိုးချင်းမှာ သီချင်းနားထောင်ခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးများ ရရှိခံစားနိုင်မလဲဆိုရင်…

စိတ်ဖိစီးမှုများကို လျော့ချပေးခြင်း

သုတေသနလေ့လာချက်များက သင် အကြိုက်ဆုံးသီချင်းများကို နားထောင်ခြင်းက သင့်ရဲ့စိတ်ဖိစီးမှုကို လျော့ချပေးနိုင်တယ်လို့ သိရှိရပါတယ်။ ဒါပေမဲ့ သင့် အကြိုက်ဆုံးသီချင်းက လွမ်းဆွေးကြေကွဲဖွယ်ရာကောင်းတဲ့ သီချင်းမဟုတ်ဘဲ စိတ်ချမ်းမြေ့စရာသီချင်းမျိုးဖြစ်ဖို့တော့ လိုပါတယ်။

ပျော်ရွှင်မှုဟော်မုန်းများကို မြှင့်တင်ပေးခြင်း

တေးဂီတက သင့်ခန္ဓာကိုယ်ထဲရှိ စိတ်ပျော်ရွှင်စေသော Dopamine ဟော်မုန်းများကို ထုတ်လွှတ်ပေးပါတယ်။ ထိုဟော်မုန်းက စိတ်ကျစရာ အတွေးများ၊ မကောင်းတဲ့ အတွေးများကိုဖယ်ရှားပေးပြီး သင့်ကို စိတ်ပျော်ရွှင်စေပါလိမ့်မယ်။

မှတ်ဉာဏ်ကောင်းစေခြင်း

တေးဂီတက သင့်ရဲ့မှတ်ဉာဏ်ကို ကြာရှည်ခံအောင် ကူညီပေးနိုင်ပါတယ်။ သီချင်းအေးအေးလေးပဲဖြစ်ဖြစ်၊ မြူးကြွခုန်ပေါက်လို့ရတဲ့ သီချင်းပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ သီချင်းနားထောင်လိုက်ပြီဆိုတာနဲ့ သင့်အာရုံကြောစနစ်ကို ဂီတသံစဉ်များက မှတ်ဉာဏ်စွမ်းအားကောင်းလာအောင် လှုံ့ဆော်ပေးပါလိမ့်မယ်။

ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း

တေးသီချင်းနားထောင်ခြင်းက သင့်ရဲ့ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။ ပြင်ပမှ ဝင်ရောက်လာသော ဗိုင်းရပ်စ်ပိုးများကို တိုက်ခိုက်ပေးဖို့ရန်အတွက် Antibodies များများ ထုတ်လုပ်ပေးပြီး ခုခံစွမ်းအား မြှင့်မားလာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

မူးဝေ မှုန်မှိုင်းခြင်းမှ ကာကွယ်ပေးခြင်း

လေ့လာတွေ့ရှိချက်များအရ သင် မနက်ခင်း နိုးထလာဖို့အတွက် ဆူညံ့သံတစ်ခုက လှုံ့ဆော်ပေးရပြီး ထိုဆူညံ့သံက သင့်ရဲ့စိတ်အခြေအနေအပြောင်းအလဲကို ဖြစ်ပေါ်စေပါတယ်။ တကယ်လို့ သင်က တေးဂီတသံနဲ့အတူ နိုးထလာမယ်ဆိုရင် ပိုမြန်မြန် နိုးထနိုင်ပြီး စွမ်းအင်လည်း ပိုပြည့်လာနိုင်တယ်လို့ လေ့လာတွေ့ရှိချက်များအရ သိရှိရပါတယ်။

တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးခြင်း

သင့် အလုပ်စားပွဲရှေ့ မထိုင်ခင်မှာ နားကြပ်တပ်ပြီး သီချင်းနားတောင်ပေးလိုက်တဲ့အခါ သင့်ရဲ့စိတ်ခံစားချက်များ ကောင်းမွန်လာပြီး တစ်နေကုန် တက်တက်ကြွကြွနဲ့ အလုပ်လုပ်လို့ ပိုကောင်းလာပါလိမ့်မယ်။ တီထွင်ဖန်တီးနိုင်စွမ်းလည်း ပိုကောင်းလာပြီး အကြံဉာဏ်မထွက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဒီလိုအကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်တဲ့အတွက်ကြောင့် မနက်ခင်းနိုးလာတဲ့အချိန်မှာ ပျော်ရွှင်စရာကောင်းတဲ့ တေးသီချင်းများကို နားဆင်ပေးသင့်ပါတယ်။ စာဖတ်သူတို့ရော မနက်ခင်းမှာ သီချင်းနားထောင်တဲ့အလေ့အကျင့်မျိုး ရှိကြပါသလား။

Source: Brightside.me