ကမ္ဘာပေါ်မှာ အလှတရားကြောင့် ကျော်ကြားတဲ့အမျိုးသမီးတွေစာရင်းထဲမှာ အိန္ဒိယအမျိုးသမီးတွေက အမြဲတမ်းပါလေ့ရှိပါတယ်နော်။ အထူးသဖြင့် သူတို့ရဲ့ဆံပင်တွေက ရှည်လျားသန်မာပြီး မည်းနက်တောက်ပြောင်နေတာပါ။

အခုလိုမျိုး ကောင်းမွန်လှပတဲ့ ဆံကေသာကို ပိုင်ဆိုင်ဖို့အတွက်လည်း ရှေးခေတ်အဆက်ဆက်တည်းက နည်းလမ်းတွေနဲ့ပဲ ထိန်းသိမ်းလာကြတာဖြစ်ပါတယ်။ အဲ့ထဲကတစ်ခုကတော့ ညတိုင်း ဆံပင်ကို ကျစ်ဆံမြီးကျစ်ပြီးတော့မှ အိပ်ရာဝင်ခြင်းပါပဲ။

အိန္ဒိယရိုးရာမှာဆိုရင် ဆံပင်ဖြည်ပြီးအိပ်တဲ့ အမျိုးသမီးတွေအနေနဲ့ မကောင်းတဲ့ Energies တွေ ဝင်လာတတ်တယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါ့အပြင် ဆံပင်ကို ကျစ်ဆံမြီးကျစ်ပြီးမှ အိပ်ခြင်းက ဆံပင်ကို ပိုပြီးတောက်ပြောင်ထူထဲ နက်မှောင်စေမှာဖြစ်ပါတယ်။

၁။ အဖျားနှစ်ခွဖြစ်ခြင်းကို ကာကွယ်ပေး

ဆံပင်အဖျားကို မကြာမကြာ ညှပ်ပေးတာက အဖျားနှစ်ခွဖြစ်တာကို ယာယီပဲ သက်သာစေတာပါ။ ကိုယ့်ရဲ့ဆံကေသာထိန်းသိမ်းမှုကို မပြောင်းလဲဘူးဆိုရင်တော့ ပျက်ဆီးကျိုးကြေနေတဲ့ ဆံသားတွေက ပြန်ပြီးပေါ်လာဦးမှာပါပဲ။

အိပ်နေရင်း ဟိုလှည့်ဒီလှည့်လုပ်ခြင်းက ဆံပင်ကိုခေါင်းအုံးစွပ်နဲ့ ပွတ်တိုက်မှုဖြစ်စေတာကြောင့် ကြာလာတဲ့အခါ ဆံသားကျိုးကြေလာရတာဖြစ်ပါတယ်။ ဆံပင်ကို ကျစ်ဆံမြီးကျစ်မယ်ဆိုရင်တော့ ဆံပင်ပျက်စီးခြင်းမှ သက်သာစေမှာပါ။

၂။ ဆံသားတောက်ပြောင်တဲ့အသွင်ပေါ်စေခြင်း

ကိုယ့်ဆံပင်က ကြည့်ကောင်းဖို့အတွက်ဆိုရင် အစိုဓာတ်အကောင်းဆုံး ပြည့်ဝနေရမှာဖြစ်ပါတယ်။ ဆံပင်က အစိုဓာတ်ကို မထိန်းသိမ်းထားနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီးရှိပြီးတော့ ညတွင်းချင်းတောင် ရေဓာတ်ခန်းခြောက်သွားနိုင်ပါတယ်။

ဆံပင်ကို ကျစ်ဆံမြီးကျစ်ပြီးမှ ညအိပ်မယ်ဆိုရင်တော့ ကျစ်ဆံမြီးရဲ့အလွှာအထပ်တွေက လိုအပ်တဲ့အစိုဓာတ်ကို ဆံပင်ထဲမှာ ပိတ်လှောင်ထားနိုင်မှာဖြစ်ပါတယ်။

၃။ ဆံပင်ညှိတာ သက်သာစေခြင်း

ညတိုင်း အိပ်ရာမဝင်ခင် ဆံပင်ကို ကျစ်ဆံမြီးကျစ်ပြီးမှ အိပ်ခြင်းက မနက်မိုးလင်းလို့ ဆံပင်ကငှက်သိုက်ဖြစ်ပြီး ရှုပ်ထွေးနေတာကို သက်သာစေမှာဖြစ်ပါတယ်။ ညှိနေတဲ့ဆံပင်ကို ပြန်ဖြည်ရမယ့်အချိန်လည်း သက်သာစေသလို ဆံပင်ဖြီးတဲ့အခါ ဆံပင်ကျွတ်တွေလည်း သက်သာစေမှာပါ။

၄။ ဆံပင်အရှည်မြန်စေခြင်း

ဆံပင်တွေက ကျိုးကြေပျက်စီးနေတယ်ဆိုရင် ကြည့်လို့လည်းမလှသလို နေလို့လည်းမကောင်းပါဘူး။ နောက်ပြီး ဒီပျက်စီးမှုက သင့်ဆံပင်အရှည်နှုန်းကိုလည်း သက်ရောက်စေမှာဖြစ်ပါတယ်။

ဆံပင်က အားနည်းပြီး ကြွပ်ဆတ်နေတယ်ဆိုရင် ကျိုးပျက်လည်းလွယ်တာကြောင့် ကိုယ်လိုချင်တဲ့ လှလှပပ ဆံပင်စတိုင်လ်ကို ရရှိစေတော့မှာ မဟုတ်ပါဘူး။ ကျစ်ဆံမြီးကျစ်တာက ဆံပင်ပုံသွင်းအပူပစ္စည်းတွေနဲ့ ဓာတုဓာတ်ပစ္စည်းတွေကို အသုံးပြုခြင်းမှ ရှောင်ရှားနိုင်လို့ ဆံပင်ကလည်း အရှည်မြန်လာစေမှာပါ။

Source: BrightSide