လုပ်ငန်းခွင်ဝင်နေရသူ တစ်ယောက်အတွက် နာရီကောင်းတစ်လုံး က မဖြစ်မနေပိုင်ဆိုင်ထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် နာရီက ဖက်ရှင်အသုံးဆောင်တစ်ခုထက်ပိုတဲ့ အနက်အဓိပ္ပါယ်တွေကို ပုံဖော်ပေးတဲ့ ပစ္စည်းတစ်ခုဖြစ်နေလို့ပါပဲ။

ဒီနေ့တော့ ဘာကြောင့် နာရီကောင်းတစ်လုံး ရှိထားသင့်တယ်ဆိုတဲ့ အကြောင်းအရင်းတွေကို မျှဝေပေးချင်ပါတယ်။

(၁) ယုံကြည်မှုပိုရှိစေတယ်

နာရီကောင်းတစ်လုံး ဝတ်ဆင်ထားခြင်းက စတိုင်ကျစေရုံတစ် ခုထဲမဟုတ်ပဲ သင့်ကိုအရင်ကထက် ယုံကြည်မှုပိုတိုးလာစေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ တန်ဖိုးကြီးအသုံးအဆောင်ပစ္စည်းတွေ ဇိမ်ခံကားတွေရှိမှ သင့်ကိုယုံကြည်မှုတိုးစေပြီး ဘယ်သွားသွား ပွဲလည်တင့်စေတာ မဟုတ်ပါဘူး။

ကိုယ်နဲ့လိုက်ဖက်မှုရှိတဲ့ နာရီတစ်လုံးကလည်း သင့်ကိုယုံကြည်မှု ပိုရှိစေမှာဖြစ်သလို ကိုယ့်မှာ ရည်မှန်းချက်တွေနဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိကြောင်းကိုလည်း သက်သေပြတဲ့ အရာတစ်ခုအဖြစ်ပေါ်လွင်စေပါတယ်။

(၂) အချိန်တိကျသူတစ်ယောက်ဖြစ်စေတယ်

တစ်နေ့တာအတွက် တိကျတဲ့အချိန်ကို သင့်ရဲ့လက်ပတ်နာရီက ပြောပြပေးနေမှာဖြစ်ပါတယ်။ လူတစ်ယောက်အတွက် အချိန်ကအစားထိုးလို့ မရတဲ့အရာတစ်ခုဖြစ်သလို ငွေနဲ့လည်း ဝယ်ယူလို့ မရနိုင်ပါဘူး။

ဒါကြောင့် တန်ဖိုးရှိတဲ့အချိန်တိုင်း မိနစ်တိုင်းစက္ကန့်တိုင်းကို သင့်ရဲ့လက်ကောက်ဝတ်မှာ ဝတ်ဆင်ထားတဲ့နာရီလေးကို ကြည့်လိုက်တာနဲ့ သိနိုင်မှာဖြစ်ပြီး အချိန်တိကျသူတစ်ယောက်အဖြစ် ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။

(၃) နေ့စဉ်ဘဝအတွက်အသုံးဝင်တယ်

မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးစဖွင့်ကတည်းက အချိန်ကိုကြည့်ကြရတာဖြစ်ပြီး နာရီက ဘဝရဲ့အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ လူအများစုကတော့ ဖုန်းတွေကိုကြည့်ပြီ အချိန်ကိုသိနိုင်တယ်လို့ ထင်ကြပါတယ်။

ဒါပေမယ့် လူတစ်ယောက်နဲ့ စကားပြောနေချိန် သို့မဟုတ် အစည်းဝေးခန်းထဲရောက်နေချိန် စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် အချိန်ကြည့်ချင်တဲ့အခါ သင့်ရဲ့ဖုန်းကိုထုတ်ကြည့်တာဟာ ရိုင်းပျတဲ့အမူအရာ ဖြစ်စေပါတယ်။

ဒါကြောင့် နာရီကသာလျှင် အချိန်ကိုသိနိုင်ဖို့ အသင့်တော်ဆုံးအရာတစ်ခုဖြစ်ပါတယ်။