ဦးရေပြားပေါ်မှာ ဗောက်တွေဖြစ်လေ့ရှိကြပြီး ဗောက်တွေက နေ့စဉ်ဘဝအတွက်တော့ စိတ်ရှုပ်စရာကောင်းလှပါတယ်။ ဒီလိုစိတ်ရှုပ်ဖို့ကောင်းတဲ့ ဗောက်တွေက ဘာကြောင့်ဖြစ်လာရတာလဲ။ များသောအားဖြင့်တော့ ဦးရေပြားအဆီခမ်းခြောက်ခြင်းကြောင့် ဦးရေပြားပေါ်မှာ မှိုတွေစွဲကပ်လာပြီး ဗောက်ဖြစ်စေတာပါ။

နောက်တစ်ချက်ကတော့ hair care products တွေနဲ့ ပတ်သတ်ပြီး ဓာတုဆေးတွေပါဝင်မှုရှိမရှိ သေချာလေ့လာမှုမရှိပဲ အသုံးပြုမိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မကြာခဏ ခေါင်းလျော်ခြင်းဟာလည်း ဗောက်တွေကို အဖြစ်များစေပြီး ဦးရေပြားပေါ်က သဘာဝအဆီတွေကို ခမ်းခြောက်စေကာ ဦးရေပြားယားယံခြင်း ၊ ဆံသားပျက်စီးခြင်းတွေအထိ ဖြစ်နိုင်ပါတယ်။

ဆက်စပ်နေတဲ့နောက်ထပ်အချက်ကတော့ အသက်အရွယ်ပါ။ ဗောက်တွေဟာ မြှီးကောင်ပေါက်အရွယ်ကစလို့ လူလတ်ပိုင်းအထိကို ဖြစ်လေ့ရှိပါတယ်။ အသက်ကြီးသူတွေမှာလည်း တစ်ခါတစ်ရံဗောက်ထတဲ့ ပြဿနာတွေ ဖြစ်ပေါ်နိုင်ခြေရှိပါတယ်။ လေ့လာမှုတွေအရ ဆံပင်ကိုကောင်းစွာ ဂရုမစိုက်ခြင်း ၊ စားသောက်နေထိုင်မှုပုံစံမှားယွင်းနေခြင်းတွေကတဆင့်လည်း ဗောက်ပြဿနာ ကြုံရနိုင်ပါတယ်။

ဗောက်ပြဿနာကို ကြိုတင်ကာကွယ်ဖို့ဆိုရင်တော့ မှန်ကန်တဲ့ခေါင်းလျော်ရည်သုံးတာ ၊ ခေါင်းလျော်တဲ့အခါ Conditioner သုံးပေးတာ ၊ ဦးရေပြားအစိုဓာတ်ဖြည့်တင်းပေးတာ ၊ စိတ်ဖိစီးမှုလျော့ချတာ စတဲ့အချက်တွေနဲ့ ဆံသားနဲ့ဦးရေပြားကျန်းမာရေးကို ဂရုစိုက်ဖို့လိုပါလိမ့်မယ်။