ဆိုရှယ်မီဒီယာက ဘယ်လောက်ပဲ တိုးတက်ထွန်းကားလာနေပါစေ၊ ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားနေတဲ့ရောဂါကတော့ အထီးကျန်ဝေဒနာပဲဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသား လူငယ် ၅၀ ရာခိုင်နှုန်းခန့်က သူတို့ရဲ့ဘဝလက်တွဲဖော်ကို ရှာဖွေနိုင်ဖို့အတွက် အခက်ကြုံနေရပါတယ်။

တစ်ချို့ကလည်း တစ်ဘဝလုံးစာအတွက် ရည်ရွယ်ထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ခဏတာပဲ လက်တွဲလိုက်ရတဲ့သူတွေ မနည်းမနောပါပဲ။ ကြာလာတော့ တွဲလိုက်တိုင်း ပြတ်တာပဲ၊ ရည်းစားများတဲ့သူ၊ အချစ်ရေး ကံမကောင်းတဲ့သူဆိုပြီး နာမည်တွင်သွားတာပေါ့။

အချစ်ရေးမှာ ကံမကောင်းတာ၊ ကိုယ်ချစ်တဲ့သူနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ကမ္ဘာငယ်လေး မတည်ဆောက်နိုင်တာ ဘာ့ကြောင့်လို့ ထင်ပါသလဲ။

သတ်မှတ်ထားတဲ့ စံနှုန်းမြင့်မားနေခြင်း

ကိုယ့်ရဲ့ လက်တွဲဖော်က ဘယ်လိုစံနှုန်းတွေနဲ့ ပြည့်စုံနေရမယ်၊ ဘယ်လိုကြင်နာယုယတတ်ရမယ်၊ ကိုယ်ချင်းစာစိတ်အပြည့်အဝရှိရမယ် စသည်ဖြင့် စံနှုန်းအမျိုးမျိုး သတ်မှတ်ထားတတ်ကြပါတယ်။ သင် သိထားရမယ့်အရာတစ်ခုက သင့်ရဲ့ လက်တွဲဖော်က လူသားတစ်ယောက်ပါပဲ။ ကမ္ဘာပေါ်မှာ ပြီးပြည့်စုံတဲ့လူသားဆိုတာ မရှိပါဘူး။ သင် ဖတ်ဖူးတဲ့စာအုပ်တွေထဲက ဇာတ်ကောင်စရိုက်တွေရဲ့ ကြန်အင်လက္ခဏာနဲ့ ပြီးပြည့်စုံတဲ့သူကို ရှာဖွေမယ်ဆိုရင်တော့ ရှာမနေပါနဲ့တော့။ ဒီလောကထဲမှာ မွေးဖွားဦးမှာ မဟုတ်ပါဘူး။

မိမိကိုယ်ကို မလေးစားခြင်း

သမီးရည်းစားဆက်ဆံရေးမှာ အခြေခံအကျဆုံးအရာက အပြန်အလှန်လေးစားခြင်းပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို မလေးစားဘူးဆိုရင် သင့်ချစ်သူကလည်း သင့်ကိုလေးစားမှာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။ “ငါ မရှိရင် သူ နေနိုင်မှာမဟုတ်ပါဘူး” ဆိုတဲ့အတွေးမျိုး တစ်ဖက်လူက မတွေးမိအောင် ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။ ကိုယ့် ချစ်သူကို တွယ်ကပ်မနေဘဲ ကိုယ် ဝါသနာပါတဲ့အရာတွေအတွက် အချိန်ပေးပါ။ ကိုယ့် တိုးတက်ရာ တိုးတက်ကြောင်းအတွက် ကြိုးစားပါ။

အခြားသူရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်း

သင့်ကို အခြားသူတစ်ယောက်က ရုပ်သေးရုပ်လို သဘောထားပြီး ကြိုးကိုင်ခြယ်လှယ်နေမယ်ဆိုရင် သင် ဘယ်လိုခံစားရမလဲ။ ထိုနည်းတူစွာပဲ သင်က သင့်လက်တွဲဖော်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အတင်းအကြပ်ချုပ်ကိုင်နေမယ်ဆိုရင်တော့ သင့်အနားမှာနေရာက သူမအတွက် စိတ်ကျဉ်းကြပ်မှုဖြစ်စေပြီး သင့်နဲ့အဝေးဆုံးကို ပြေးထွက်သွားပါလိမ့်မယ်။

ခွင့်မလွှတ်နိုင်ခြင်း

လူတိုင်းက အမှားနဲ့ မကင်းကြပါဘူး။ သင့်မှာလည်း အမှားလုပ်မိတဲ့အခိုက်အတန့်တွေ ရှိမှာပါပဲ။ အမှားဆိုတာလည်း ခွင့်လွှတ်နိုင်တဲ့အမှားနဲ့ ခွင့်မလွှတ်နိုင်တဲ့အမှားဆိုပြီး ရှိတတ်ပါတယ်။ လူမှုရေးဖောက်ပြန်တာမျိုးဆိုရင်တော့ ယနေ့ခေတ်မှာ လူတိုင်းလက်မခံနိုင်တဲ့အမှားပါပဲ။ ဘယ်လောက်ပဲချစ်တယ်ပြောပြော သစ္စာပျက်ပြားမှုကြောင့် နှစ်ရှည်လများတည်ဆောက်ထားတဲ့ ယုံကြည်မှုက ပြိုကွဲပျက်စီးသွားတတ်ပါတယ်။ အဲ့ဒီလိုအမှားမျိုးဆိုရင်တော့ လမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ။

ဒီလိုမှမဟုတ်ဘဲ အမှားသေးသေးလေး ပြုလုပ်မိတာဆိုရင် အခွင့်အရေးပေးကြည့်ပါ။ ထိုအမှားကို အသစ် အသစ်ဖြစ်အောင် ထပ်ကာတလဲလဲအစဖော်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

တစ်ကိုယ်ကောင်းဆန်ခြင်း

နှစ်ယောက်တစ်ဘဝတည်ဆောက်တဲ့အခါ ကိုယ့်ဘက်ပဲ ကိုယ်ကြည့်လို့မရပါဘူး။ ကိုယ် အဆင်ပြေနေရုံနဲ့ မပြီးပါဘူး။ တစ်ဖက်လူအတွက်လည်း ထည့်သွင်းစဉ်းစားပေးဖို့လိုအပ်ပါတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့သူအနားမှာ ဘယ်သူမှ မနေချင်ကြပါဘူး။