တူရိယာတီးခတ်တတ်တဲ့ ယောကျာ်းလေးတွေက မိန်းကလေးအမြင်မှာပိုပြီး ဆွဲဆောင်မှုပိုရှိတယ်ဆိုတာ သင်သိပါသလား။ နှစ်ဟောင်းခေတ် ကာလတွေဆီကို ပြန်ကြည့်လိုက်မယ်ဆိုရင်လည်း အဆောင်သူလေးတွေရှေ့ ဂစ်တာတီးပြပြီး ပိုးပန်းခဲ့ရတဲ့အချိန်လေးတွေကို မှတ်မိကြဦးမယ် ထင်ပါတယ်။

ဟုတ်ပါတယ် ဂီတအနုပညာဟာ လူတစ်ယောက်ရဲ့ နှလုံးသားကို အရည်ပျော်သွားစေနိုင်တဲ့အထိ စွမ်းအားကြီးပါတယ်။ ဒီတစ်ခေါက်တော့ မိန်းကလေးတွေက တူရိယာတီးခတ်တတ်တဲ့ ယောကျာ်းလေးတွေကို ဘာကြောင့်ပိုသဘောကျလဲဆိုတဲ့ အကြောင်းရင်းလေးတွေ ထုတ်နုတ်တင်ပြလိုက်ပါတယ်။

(၁) ဆွဲဆောင်မှုရှိတယ်

ဂစ်တာတစ်လုံးမှာ တစ်မူထူးခြားတဲ့ စွမ်းအားတွေများစွာရှိနေပြီ သင့်ကိုဂရိနတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲပေးနိုင်စွမ်းတောင် ရှိကောင်းရှိနိုင်ပါတယ်။ ဂီတတူရိယာပေါ်က ကြိုးလေးတွေကို လှုပ်ရှားတီးခတ်နေတဲ့ပုံစံက မိန်းကလေးတွေရဲ့အမြင်မှာ တမူထူးခြားပြီး ဆွဲဆောင်မှုရှိနေစေလို့ပါပဲ။

(၂) ဖန်တီးမှုကောင်းတယ်

ဂီတဆိုတာ တီထွင်ဖန်တီးမှု စိတ်ဝိညာဉ်များ ကိန်းအောင်းရာ နေရာတစ်ခုဖြစ်ပါတယ်။ အနုပညာအမျိုးစားတစ်ခုဖြစ်တဲ့ ဂီတကိုချစ်မြတ်နိုးသူတိုင်းဟာ တီထွင်ဖန်တီးနိုင်စွမ်း ပိုမိုအားကောင်းကြတယ်ဆိုတာ ငြင်းပယ်လို့မရတဲ့ အမှန်တရားတစ်ခုပါပဲ။ မိန်းကလေးတွေဟာ ဒီလိုဖန်တီးမှုမြင့်မားသူတွေကို သဘောကျကြတာပဲ မဟုတ်လား။

(၃) အေးချမ်းပျော်ရွှင်မှုကိုပေးတယ်

ဂီတတူရိယာသံစဉ်လေးတွေဟာ နားထောင်သူရဲ့ စိတ်နှလုံးကို အေးမြစေပြီး ပျော်ရွှင်မှုကို ခံစားရစေတာပဲ မဟုတ်လား။ ဒါကြောင့်ပဲ မိန်းကလေးတွေဟာ စိတ်အေးချမ်းမှုနဲ့ ပျော်ရွှင်ခြင်းတွေကို ပေးစွမ်းတဲ့ ဂီတတူရိယာတီးခတ်တတ်သူတို့အနားမှာ ပျော်ပျော်ရွှင်ရွှင်အတူရှိချင်ကြတာပဲ ဖြစ်ပါတယ်။

(၄) အထင်ကြီးစရာကောင်းတယ်

ဂီတတူရိယာလေးတွေ တီးခတ်တက်ခြင်းက မိန်းကလေးအမြင်မှာ အထင်ကြီးစရာပါပဲ။ သာယာပျော်ရွှင်ဖွယ် ချစ်တေးသံစဉ်လေးတွေနဲ့ ကောင်မလေးရဲ့ စိတ်နှလုံးကို အရည်ပျော်အောင်လုပ်နိုင်သလို သူမအတွက် ကိုယ်တိုင်ရေးစပ်သီးကုံးထားတဲ့ သီချင်းလေးတွေနဲ့ သူမကို WOW ဖြစ်သွားအောင်ဖန်တီးပေးပြီး အချစ်တွေသိမ်းပိုက်နိုင်ပါတယ်။

(၅) ဂီတကလူတွေကို ချိတ်ဆက်ပေးတယ်

ဂီတဟာ ဘာသာစကားမတူ ၊ နေရာဒေသကွဲပြားတဲ့ လူအချင်းချင်းကိုတောင် ရင်းနှီးသွားအောင် ချိတ်ဆက်ပေးနိုင်တဲ့ ပေါင်းကူးတံတားလေးတစ်ခုလို့ ဆိုရပါမယ်။ ဂီတသံစဉ်လေးတွေက သင့်ချစ်သူ ဒါမှမဟုတ် Crush လေးနဲ့ကြား ရင်းနှီးမှုကို ပိုမိုရစေပြီး နွေးထွေးတဲ့ဆက်ဆံရေးကို ဖန်တီးနိုင်မှာပဲ ဖြစ်ပါတယ်။