ချစ်သူနှစ်ဦးကြားမှာ အချစ်တွေ မမေ့နိုင်စရာ အမှတ်တရတွေလည်း တိုးစေတာကြောင့် စုံတွဲတွေအနေနဲ့ ချစ်သူရည်းစားဘဝမှာ အနည်းဆုံး တစ်ခေါက်လောက်တော့ ခရီးတစ်ခုကို အတူတူသွားသင့်ပါတယ်။

ဒီဆောင်းပါးလေးမှာတော့ ချစ်သူနဲ့အတူတူ ခရီးတစ်ခါမှမသွားဘူးသေးတဲ့ စုံတွဲတွေ၊ ခရီးသွားဖို့ ရည်ရွယ်ထားကြတဲ့ စုံတွဲတွေ အနေနဲ့ ပင်လယ်ကမ်းခြေခရီးကို ဘာကြောင့်သွားသင့်လဲဆိုတဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) သဘာဝကို အနီးကပ်ခံစားနိုင်တယ်

ပင်လယ်ကမ်းခြေဆိုတာ မြို့ပြရဲ့မွန်းကျပ်မှုတွေနဲ့ဝေးရာ ၊ တိတ်ဆိတ်အေးချမ်းတဲ့နေရာ ၊ မျက်စိတစ်ဆုံးလှတဲ့ ပင်လယ်ပြင်ကြီးနဲ့ သဘာဝတရားကြီးရဲ့အလှတရားတွေကို အနီးကပ်ထိတွေ့ ခံစားခွင့်ရရှိနိုင်တဲ့ အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။

အပြာရောင် ပင်လယ်ပြင်ကြီးကိုဖြတ်ပြီး တိုက်ခတ်လာတဲ့ လတ်ဆတ်တဲ့ လေထုကိုတစ်ဝကြီးရှုရှိုက်ပြီး ငြိမ်းချမ်းတဲ့သဘာဝရဲ့အရသာကို ချစ်သူနှစ်ဦးအတူတူ ခံစားခွင့်ရနိုင်ပါတယ်။

(၂) ရိုမန်တစ်ဆန်တယ်

ချစ်သူစုံတွဲတွေအတွက် ကမ်းခြေမှာ ဒိတ်လုပ်တယ်ဆိုတာ တော်တော်လေးကို ရိုမန်တစ်ဆန်တဲ့ ခံစားမှုကိုရစေမှာဖြစ်ပါတယ်။ ငွေရောင်သဲသောင်ပြင်ပေါ်မှာ လမ်းလျောက်မယ် ၊ ညနေ နေဝင်ဆည်းဆာအလှကို အတူတူထိုင်ကြည့်မယ်။

ဒါမှမဟုတ် ဝိုင်လေးသောက်ရင်း သို့မဟုတ် အုန်းရည်လေးသောက်ရင်း စကားတွေပြောမယ် ၊ ညဘက်မီးပုံလေးဘေးမှာ ဂစ်တာတီးပြီး သီချင်းတွေအတူတူဆိုမယ် ၊ ပင်လယ်ပြင်ကြီးကိုမျက်နှာမူပြီး ကိုယ့်ချစ်သူကို ဘယ်လောက်ချစ်ကြောင်း အကျယ်ကြီးအော်ပြောကြည့်မယ်။

ဒီလိုမျိုး ရိုမန်တစ်ဆန်တဲ့အရာလေးတွေကို ကမ်းခြေမှာပဲလုပ်လို့ရနိုင်မှာဖြစ်ပါတယ်။

(၃) စွန့်စားခန်းဖွင့်လို့ရတယ်

စွန့်စားမှုတွေပြုလုပ်ရတာ နှစ်သက်တဲ့ချစ်သူစုံတွဲတွေအတွက်တော့ ပင်လယ်ကမ်းခြေကအသွားသင့်ဆုံး ခရီးတစ်ခုဖြစ်စေမှာပါ။ ရွက်လှေစီးခြင်း ရေပေါ်ဆိုင်ကယ်ခြင်း ပင်လယ်ရေအောက်ငုပ်ခြင်း Parasailing လို့ခေါ်တဲ့ ပင်လယ်ပြင်မှာ လေထီးစီးခြင်း စသည်ဖြင့် စွန့်စားရတဲ့အရာတွေများစွာကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

အကယ်၍ စွန့်စွန့်စားစားလုပ်ရတာတွေ မကြိုက်ဘူးဆိုရင်လည်း သောင်ပြင်ပေါ်မှာ စက်ဘီးနင်းတာ မြင်းစီးတာ စတဲ့အန္တရာယ်မများတဲ့ Activities လေးတွေလည်းလုပ်လို့ရပါတယ်။

(၄) ဓာတ်ပုံလှလှလေးတွေရိုက်လို့ရတယ်

Couple Photo လှလှလေးတွေရိုက်ချင်တဲ့ စုံတွဲအတွက်တော့ ကမ်းခြေက အလှဆုံးဓာတ်ပုံလေးတွေ ရစေမှာဖြစ်ပါတယ်။ တချို့စုံတွဲတွေဆိုရင် တကူးတကကမ်းခြေအထိလာပြီး Pre wedding အတွက် ဓာတ်ပုံလာရိုက်ကြတာမျိုးလည်း ရှိပါတယ်။

ဟုတ်ပါတယ် ပင်လယ်ကမ်းခြေက ရင်သပ်ရှုမောဖွယ်အလှတရားတွေနဲ့ ပြီးပြည့်စုံတဲ့အမှတ်တရ ပုံရိပ်လေးတွေဖန်တီးနိုင်မှာဖြစ်တာကြောင့် အကယ်၍ကမ်းခြေသွားတဲ့အခါ Couple Photo လေးတွေအများကြီး ရိုက်ခဲ့ဖို့လည်း မမေ့ပါနဲ့နော်။