ကိုယ်ခံပညာဆိုတာ အခုခေတ်မှာ လူတိုင်း တက်ကို တက်မြောက်ထားသင့်တဲ့ ပညာရပ်တစ်ခုလို့ ပြောရင်မမှားနိုင်ပါဘူး။ ရှေးခေတ်တုန်းကဆိုရင်လည်း ကိုယ်ခံပညာရပ်ကို မဖြစ်မနေ သင်ကြားခဲ့ကြရပါတယ်။

အခုလို အန္တရာယ်များလှတဲ့ ခေတ်ကြီးထဲမှာ ကိုယ်ခံပညာတက်မြောက်ထားရင် ဘာတွေပြောင်းလဲသွားစေမလဲ ဘယ်လိုကောင်းကျိုးတွေရစေလဲဆိုတာ ဒီဆောင်းပါးလေးကနေ ပြောပြပေးချင်ပါတယ်။

(၁) ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တယ်

Martial Art တက်ထားခြင်းရဲ့ သိသာတဲ့ အကျိုးကျေးဇူးတစ်ခုက မိမိကိုယ်ကို ခုခံကာကွယ်မှု စွမ်းရည်မြှင့်တင်ပေးတာပါပဲ။ ကိုယ့်ကို အန္တရာယ်ပြုလာနိုင်တဲ့ အခြေအနေတွေ ခြိမ်းခြောက်မှုတွေက ဘယ်အချိန် ဘယ်နေရာမျိုးမှာ ကြုံလာရနိုင်တယ်ဆိုတာ ဘယ်သူမှမပြောနိုင်ပါဘူး။ ကိုယ်ခံပညာ သင်ယူတက်မြောက်ထားမယ်ဆိုရင် ဒီလိုမထင်မှတ်ပဲ ကြုံလာနိုင်တဲ့ အခြေအနေတွေမှာ ကိုယ့်ကိုယ့်ကို အကောင်းဆုံး ခုခံကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

(၂) လူမှုဆက်ဆံရေး ကောင်းစေတယ်

Martial Art ဟာ ကိုယ်ခံပညာရပ်တစ်ခုထပ်ကို ပိုပါတယ်။ Martial Art သင်ယူခြင်းဖြင့် အသင်းအဖွဲ့စိတ် ၊ အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင် ရွက်နိုင်စွမ်းတွေ တိုးတက်လာစေမှာပါ။ ဘာလို့ဆို လူအများနဲ့ ထိတွေ့ဆက်ဆံရတဲ့အတွက် လူမှုပတ်ဝန်းကျင်မှာဖြစ်လေ့ရှိတဲ့ ပဋိပက္ခများကိုဖြေရှင်းနိုင်ခြင်း ၊ သူငယ်ချင်းအသစ်များ မိတ်ဖွဲ့ခြင်းတွေ စတဲ့ အရည်အချင်းတွေ တိုးတက်လာစေမှာပဲ ဖြစ်ပါတယ်။

(၃) ယုံကြည်မှု တိုးစေတယ်

ကိုယ်ခံပညာ တက်မြောက်ထားခြင်းက အားကစားရုံထဲမှာသာမက ပြင်ပလောကမှာပါ ကိုယ့်ကိုယ့်ကို ယုံကြည်မှုတိုးလာစေမှာ ဖြစ်ပါတယ်။ တိုက်နိုင်ခိုက်နိုင်စွမ်းရှိပြီး ကိုယ့်ကိုယ်ကို ကာကွယ်နိုင်သူတစ်ယောက်အနေနဲ့ ဘယ်လိုအခြေအနေမျိုးကိုမဆို ယုံကြည်မှုရှိစွာ ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။

(၄) ကျန်းမာကြံ့ခိုင်လာမယ်

Martial Art ဟာ ခန္ဓာကိုယ်တစ်ခုလုံးပေါ် သက်ရောက်မှုရှိစေတဲ့ Full Body Workout တစ်မျိုးဖြစ်ပြီး  ကြံ့ခိုင်သန်စွမ်းလာစေမယ့် အကောင်းဆုံး အားကစားနည်းဖြစ်ပါတယ်။ Martial Art အများစုဟာ ပြင်းပြင်းထန်ထန်နဲ့ လှုပ်လှုပ်ရှားရှားကစားရတဲ့ ကစားနည်းတွေဖြစ်တာကြောင့် ခန္ဓာကိုယ်အဆီပိုတွေလျော့ကျပြီး ကြွက်သားများသန်မာကာ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကိုရရှိစေမှာပဲ ဖြစ်ပါတယ်။