တစ်ယောက်တည်းဘဝက အထီးကျန်လွန်းတယ်လို့ ပြောကြဆိုကြတာတွေလည်း ရှိပါတယ်။ FA လို့ ပြောပြောနေကြတဲ့ စကားထဲမှာကိုပဲ Feeling Alone ဖြစ်နေပြီဆိုတာ ပြောပြီးသားပါ။ ဒါဆိုဘာလို့ ချစ်သူမရသေးဘဲ Single ဖြစ်နေရတာလဲ။ အကြောင်းကြောင်းတွေ ရှိကြပါတယ်။

(၁) မရှာလို့

အပူကင်းချင်လို့မရှာတာပဲ ဖြစ်ဖြစ် ၊ ကိုယ်သဘောကျတဲ့သူတစ်ယောက်ကို ဘယ်လိုဖွင့်ပြောရမလဲ မသိလို့ပဲဖြစ်ဖြစ် Single ဖြစ်နေတတ်ပါတယ်။ အနည်းဆုံး လူတွေနဲ့ရင်းနှီးအောင် နေတတ်သူတွေက ရည်းစားရဖို့ အလားအလာ ပိုများပြီး ဣန္ဒြေကြီးနဲ့နေတတ်သူတွေက FA ဖြစ်နိုင်ခြေ ပိုများတာပါပဲ။

အပြင်လေး ဘာလေးထွက် ၊ Bar လေး ဘာလေးလည်း တစ်ခေါက်တစ်ကျင်းတော့ သွားလိုက်ပါဦး။ ဒါမှမဟုတ် လူတောထဲလည်းတိုးပြီး လူတွေနဲ့ပေါင်းကြည့်ပါဦးလို့ အကြံပြုချင်ပါတယ်။

(၂) အဆက်ဟောင်းကို မပြတ်နိုင်လို့

အရင်ကရည်းစားရှိခဲ့တယ်။ သိပ်ချစ်လွန်းလို့အခုလို ပြတ်စဲသွားချိန်မှာတောင် မမေ့နိုင်ဘဲ ဖြစ်နေလို့ နောက်ထပ်ရည်းစားမရှာတဲ့ သူတွေလည်း ရှိပါတယ်။ အဲဒီ သစ္စာသမားကြီးတွေလည်း တစ်ယောက်တည်း ဘဝမှာပဲ ကျန်နေတတ်ပါတယ်။

(၃) ဇီဇာကြောင်လွန်းလို့

လူတစ်ယောက်ကို ကြိုက်တော့မယ်ဆိုရင် ဘယ်လိုဘယ်ပုံစံနဲ့ညီမှ ကြိုက်မယ် တွဲမယ်ဆိုပြီး ဂျီးများလွန်းနေရင်လည်း FA ဖြစ်တတ်ပါတယ်။ လူတိုင်းက ပြီးပြည့်စုံတာ မဟုတ်ပါဘူး။ ရုပ်ကလေး လှတော့ ဗိုက်ခေါက်ကလေးက ထွက်တာလည်း ရှိမှာပဲ။

ပညာလေးတတ်တော့ မာန်မာနက ကြီးတဲ့သူလည်း ရှိမှာပဲ။ နောက်ဆုံးအကုန်လုံး အဆင်ပြေရင်အောင် တစ်ခုမဟုတ်တစ်ခုကတော့ ပြောစရာအပြစ်ဆိုတာ ရှိပါတယ်။ ဒါတွေကိုတော့ နားလည်ပါ။

(၄) ကိုယ့်ကိုယ်ကို အထင်ကြီးလွန်း/နှိမ့်ချလွန်းလို့

ငါက ရုပ်လည်းချောတယ်။ ပညာလည်းတတ်တယ်။ အလုပ်အကိုင်လည်း ရာထူးကောင်းတဲ့သူ ဆိုပြီး မာနကြီးနဲ့နေပြီး တော်ရုံလူနဲ့ မတွဲချင်ဘူးဆိုရင်လည်း တစ်ယောက်တည်းသမား ဖြစ်တတ်ပါတယ်။

(၅) အပူအပင် မရှိနေချင်လို့

အပျော်ပဲတွဲမယ်။ သူ့အပူ ကိုယ့်ခေါင်းထဲ အထည့်မခံဘူးဆိုတဲ့သူကို ဘယ်သူက တွဲချင်ပါ့မလဲ။ ရည်းစားထားတယ် ၊ လူနှစ်ယောက်ချစ်ကြတယ်ဆိုတာ တစ်ယောက်ရဲ့ သုခချမ်းသာကိုပဲ တစ်ယောက် မျှဝေရုံတင်မဟုတ်ဘဲ သူ့ရဲ့ ဒုက္ခနဲ့ပြဿနာတွေအတွက်ပါ တာဝန်ယူလိုက်တာပါ။ ခေါင်းရှောင်လွန်းသူ ကိုယ်စိတ်ချမ်းသာရာပဲ ဂရုစိုက်သူမျိုး ရည်းစားရရင်တောင် မြဲဖို့မလွယ်ပါဘူး။