Social Media တွေဟာ ကျွန်တော်တို့ရဲ့ နေ့စဉ် သတင်းအချက်အလက်နဲ့ ဖျော်ဖြေရေးစင်တာကြီးပါ။ လူမှုကွန်ရက်တွေကြောင့် ကောင်းတဲ့ အပြောင်းအလဲတွေ အများကြီး ရှိပေမယ့် တစ်ခါတစ်လေမှာ Social Media နဲ့ ခပ်ခွာခွာ နေလိုက်ရမယ့် အချိန်တွေလည်း ရှိပါတယ်။

(၁) ဒေါသထွက်နေချိန်

Photo : Shutterstock

ပေါက်ကွဲစရာ ကိစ္စတွေနဲ့ ကြုံတဲ့ အချိန်မျိုးမှာ Social Media ပေါ် ချမပြတာ အကောင်းဆုံးပါပဲ။ ကိုယ်ကိုယ်တိုင်က ဒေါသကြောင့် အမှန်ကို မမြင်နိုင်ဖြစ်ချိန်မှာ တင်သမျှပို့စ် ၊ Tweet တွေဟာ ပြဿနာတွေပဲ ဖြစ်စေပါလိမ့်မယ်။ ဒေါသရှေ့ထားခြင်းဟာ အမှားအားလုံးရဲ့ အစ ဆိုတာ သိထားသင့်ပါတယ်။

(၂) အရက်သောက်ထားတဲ့အချိန်

Photo : Shutterstock

အရက်ဘီယာသောက်ပြီဆိုရင် ဖုန်းကို ကောက်ပြီး မသုံးတာ အမှန်ဆုံး လုပ်ရပ်ဖြစ်ပါတယ်။ မူးမူးနဲ့ ဖုန်းထဲမှာ ပေါက်ကရခြောက်ဆယ် အကုန် လျှောက်လုပ်မိတတ်တယ်ဆိုတာ ယောင်္ကျားလေးတိုင်းလိုလို သိပြီးသားပါ။ ဒီတော့ (အရက်) သောက်ရင် (Social Media) မသုံးနဲ့ လို့ပဲ အကြံပေးချင်ပါတယ်။

(၃) အလုပ်လုပ်နေချိန်

Photo : Shutterstock

အလုပ်လုပ်နေတုန်း Social Media သုံးတာဟာ အလုပ်ထိခိုက်နိုင်ပါတယ်။ အလုပ်လိုပဲ လေ့လာသင်ယူမှုလုပ်နေချိန်တွေမှာလည်း ဖုန်းနဲ့ Social Media တွေကို ရှောင်ပါ။ မဟုတ်ရင်တော့ ကိုယ့်ဘဝတက်လမ်းတွေပါ နစ်နာသွားနိုင်ပါတယ်။

(၄) အိပ်ရာဝင်ချိန်

Photo : Shutterstock

စိတ်အေးအေးချမ်းချမ်းလေးနဲ့ အိပ်ရာဝင်နိုင်အောင် မအိပ်ခင် ၂ နာရီလောက်ကတည်းက Social Media တွေ ဖုန်းတွေနဲ့ အဆက်ဖြတ်လိုက်ပါ။ ဒါဟာ ကိုယ်ရောစိတ်ပါ ကျန်းမာဖို့အတွက် အကြံပြုတာ ဖြစ်ပါတယ်။ ဖုန်းနဲ့ လူမှုကွန်ရက်စွဲလမ်းမှုဟာ ဒီဘက်ခေတ်ရဲ့ ကျန်းမာရေးပြဿနာတစ်ခုဆီ ဦးတည်နေတာကြောင့် အခုကတည်းက ကိုယ့်ဘာသာစည်းကမ်းထားပြီး Social Media နဲ့ စမတ်ဖုန်းကို စနစ်နဲ့ သုံးသင့်ပါတယ်။