အားလုံးပဲမဂ်လာပါနော်..ဒီနေ့ပြောပြပေးချင်တာက Mystyle စာဖတ်ချစ်သူတွေထဲမှာရော တစ်စုံတစ်ယောက်ကို ဘယ်အရာမှမမြင်တော့သလောက် ချစ်မိနေတဲ့သူတွေရော ရှိပါသလား? တစ်စုံတစ်ယောက်ကို ချစ်မိတာက အပြစ်မဟုတ်ပေမယ့် လိုတာထက်ပို တွယ်ငြိမိရင်တော့ ကိုယ့်အတွက် နာကျင်စရာတွေ များလာတတ်ပါတယ်။ ဘာလို့လဲဆိုတော့ အချစ်ဆိုတာ ချစ်နည်းမှန်ကန်ဖို့လည်း လိုအပ်ပြီးတော့ မချစ်တတ်ရင် ကိုယ့်ရဲ့အချစ်က ကိုယ့်ကိုယ်ဒုက္ခလှလှပြန်ပေးတတ်ပါတယ်နော်။

တစ်စုံတစ်ယောက်ကို အရမ်းချစ်ပြီး သူမရှိရင်မဖြစ်ဘူးဆိုပြီးဖက်တွယ်မိရင် ကိုယ့်ကိုယ်ကို ဆုံးရှုံးတတ်တဲ့အတွက် ဒီလိုအရာတွေ ကြုံတွေ့နိုင်ပါတယ်နော်..

အရမ်းကြီးဖက်တွယ်မိရင် ပိုနာကျင်ရလိမ့်မယ်

 

ဘယ်သူမဆို ကိုယ်ချစ်ရတဲ့သူကို အရမ်းချစ်တတ်ကြတာမှန်ပေမယ့် သူမရှိရင်မဖြစ်ဘူးဆိုတဲ့ အရမ်းစွဲလမ်းကြီးပြီးဖက်တွယ်နေတာမျိုးတော့ မဖြစ်သင့်ပါဘူးနော်။ ဘာလို့လဲဆိုတော့ တစ်စုံတစ်ယောက်ကို အရမ်းချစ်ပြီးဖက်တွယ်မိသွားတဲ့အခါ သူ့ဆီကနေ အသေးစိတ်လေးကအစ ဂရုစိုက်မှုတွေ အမြဲလိုချင်လာပြီး သူ့ကို အရိပ်တကြည့်ကြည့် ကြည့်နေတတ်လာပါလိမ့်မယ်။ နောက်ပြီး ဘာမဟုတ်တဲ့ ကိစ္စအသေးအမွှားလေးတွေအစ အသားကုန်လိုက် ခံစားနေတတ်တာတွေက ကိုယ့်အတွက်စိတ်အရမ်းပူလောင်ရုံသာမက တစ်ဖက်လူကိုလည်း စိတ်အနှောင့်အယှက်ဖြစ်စေ တတ်ပါတယ်။ ဒါကချစ်တာထက် အစွန်းရောက်သွားတတ်တဲ့အခြေအနေမျိုးတွေကြောင့် သင့်အတွက် နာကျင်စရာတွေပဲ ဖြစ်လာစေတတ်တဲ့အတွက် အရမ်းကြီးဖက်တွယ်မထားမိစေပါနဲ့။

ကိုယ့်ရဲ့တန်ဖိုးကိုမြှင့်တင်ဖို့မေ့သွားတတ်တယ်

 

တစ်စုံတစ်ယောက်ကို ချစ်နေရုံနဲ့ ဘဝကြီးက မပြည့်စုံနိုင်တာမို့ ကိုယ့်ရဲ့ ဘဝအတွက် တိုးတက်မြင့်မားအောင် မကြိုးစားပဲ တစ်စုံတစ်ယောက်ရဲ့ အနားမှာ ဖက်တွယ်နေတာမျိုးတွေ မလုပ်သင့်ပါဘူးနော်။ တစ်စုံတစ်ယောက်က သင့်ကို ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ သင့်ရဲ့ ကိုယ်ပိုင်တန်ဖိုးကတော့ သင့်ဆီမှာ ရှိနေဆဲပါပဲ။ ဒါကြောင့် အဲဒီ့တန်ဖိုးကို ကိုယ်တိုင်ပဲ့မြှင့်တင်ရမှာဖြစ်ပြီး ပိုအရောင်အသွေး တောက်ပလာအောင် လုပ်ရမှာက ကိုယ့်ရဲ့တာဝန်ပဲဖြစ်ပါတယ်။ သင်သာ တန်ဖိုးမြင့်နေရင် သင့်ကိုချစ်တဲ့သူက သင့်ကိုအလွယ်တကူ လက်မလွှတ်နိုင်ပါဘူးနော်။

ကိုယ့်အချစ်ကဈေးပေါသွားတတ်တယ်

 

နောက်တစ်ခုက ဘယ်တော့မှကိုယ့်ရဲ့အချစ်ကို ဈေးမပေါသွားပါစေနဲ့။ ဘာလို့လဲဆိုတော့ ပေါပေါလောလာရတဲ့အရာတိုင်းက ဈေးပေါသွားသလို တစ်ဖက်လူကလည်းသိပ်တန်ဖို့းထားမှာမဟုတ်ပါဘူး။ ကိုယ်ကသူ့ကို ဆုံးရှုံးရမှာကြောက်တဲ့စိတ်ကြောင့် သူပြောသမျှလိုက်လုပ်နေမိတဲ့အခါတွေ၊ သူကိုယ့်ကိုယ် ငြိုငြင်သွားမှာ ကြောက်လို့ လိုတာထက် ပိုအလိုက်သိလွန်းတဲ့အချိန်တွေ၊ သူ့စကားတိုင်းကို လိုက်နာလွန်းတဲ့အခါ သင့်ရဲ့အချစ်က တန်ဖိုးလျော့လာတတ်ပါတယ်။ သူ့စိတ်ထဲမှာ ငါမချစ်ရင် သူမနေနိုင်ပါဘူးဆိုတဲ့ စိတ်ဝင်သွားရင် သင့်ဆီကလာတဲ့အချစ်ကို သိပ်တန်ဖိုး မထားကြတော့လို့ပါပဲ။ ဒါကြောင့် ချစ်ပေမယ့် အရမ်းကြီးမတွယ်ကပ်ပဲ ထက်ထက်မြက်မြက်ချစ်ပါ။

သူမရှိရင်မနေနိုင်ဘူးဆိုတဲ့စိတ်

 

တစ်စုံတစ်ယောက်ကို ဘာမှမမြင်လောက်အောင် ချစ်ဖူးပြီးပြီလား ဒါမှမဟုတ် လက်ရှိမှာ ချစ်မိနေပြီလား။ ဒါဆိုရင်တော့ သင့်ရဲ့ချစ်တတ်တဲ့နည်းလမ်းလေးကို အချိန်မီလေး ပြုပြင်လိုက်ပါ။ ဘာလို့လဲဆိုတော့ အဲ့လိုသူမရှိရင်မဖြစ်ဘူး ၊ ကိုယ့်အတွက် အရာရာပါလို့ တွေးထင်မိတာတွေက သင့်ကိုယ်သင်ပိုနာကျင်ခံစားမိအောင်လုပ်နေတာနဲ့အတူတူပါပဲ။ ကံကြမ္မာဆိုတာ ဘယ်သူကမှ ကြိုမမြင်မသိနိုင်တာဖြစ်လို့ သူနဲ့ သင့်ရဲ့ ဇာတ်လမ်းတစ်ခန်းရပ်သွားခဲ့ရင်တောင်မှ ကျန်ရှိနေတဲ့ ကိုယ့်ရဲ့ဘဝလမ်းကို ကိုယ်တယောက်ထဲ အကောင်းဆုံးဆက်လျှောက်ရမှာပဲ။ သူထားရစ်ခဲ့လို့ဆိုပြီး နာကျင်ဝမ်းနည်းပြီး ဘာမှမလုပ်နိုင်တော့ပဲ ကိုယ့်ကိုယ်ကို လမ်းပျောက်အောင်တော့ မလုပ်မိပါစေနဲ့။

ကဲ,,စာဖတ်ပရိတ်သတ်ကြီးရေ..တစ်စုံတစ်ယောက်ကိုအရမ်းကြီးနှစ်နှစ်ကာကာချစ်မိသွားရင်တောင်မှ ကိုယ့်ကိုယ်ကို ဒီလိုနာကျင်ဆုံးရှုံးမှုတွေ မဖြစ်အောင်တော့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်နော်..