သင်ဟာ အသက် (၂၅) နှစ်ပြည့်တော့မယ့်သူတစ်ယောက် ဒါမှမဟုတ် အသက် (၂၅) နှစ်ကို ကျော်လွန်ပြီးသူတစ်ယောက်ဆိုရင် ဒီဆောင်းပါးလေးကို မဖြစ်မနေ ဆက်ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အသက် (၂၅) နှစ်ဆိုတာ လူငယ်တစ်ယောက်ရဲ့ အသက်အရွယ်အပိုင်းခြားတစ်ခုလို့ သတ်မှတ်ထားကြပေမယ့် အရမ်းလူငယ်ဆန်ဆန်နေလို့ မရတော့ပါဘူး။

ဘဝအတွက် ထည့်စဉ်းစားရမယ့်အရွယ်ဖြစ်ပါတယ်။ ဒါကြောင့်လူငယ်တွေအနေနဲ့ အသက် (၂၅) နှစ်ကို ကျော်လွန်လာပြီဆိုတာနဲ့ အခုပြောပြမယ့် အရာတွေအားလုံးစွန့်လွှတ်သင့်ပြီပဲ ဖြစ်ပါတယ်။

(၁) မိဘဆီက လက်ဖြန့်တောင်းခြင်း

ငယ်ရွယ်စဉ်အချိန်မှာ မိဘတွေဆီကနေ မုန့်ဖိုးလက်ဖြန့်တောင်းတာက အဆင်ပြေပေမယ့် အသက်(၂၅) နှစ်ကို ရောက်လာပြီဆိုရင်တော့ မိဘဆီက လက်ဖြန့်တောင်းနေရမယ့်အရွယ် မဟုတ်တော့ပါဘူး။ ပြောချင်တဲ့အဓိကအချက်က ကိုယ်ပိုင်ဝင်ငွေတစ်ခုရအောင် ကြိုးစားဖို့အချိန်ရောက်ပြီလို့ ဆိုလိုခြင်းဖြစ်ပါတယ်။ အသက်(၂၅)နှစ်ကျော်လာပြီဆိုတာနဲ့ လုပ်ငန်းခွင်တစ်ခုခုမှာ ဝင်ရောက်ပြီး ရှေ့ရေးအတွက်သေချာတဲ့ ဝင်ငွေလမ်းကြောင်းတစ်ခုရှိအောင် ကြိုးစားသင့်ပြီဖြစ်ပါတယ်။

(၂) အဆင်မပြေတဲ့အချစ်ရေးမှာ နစ်မွန်းနေခြင်း

လူတိုင်းအချစ်နဲ့ မကင်းကြဘူးဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် အသက် (၂၅) နှစ်ကို ကျော်လာပြီဆိုတာနဲ့ ဘဝအတွက်ကြိုးစားရမယ့် အချိန်တစ်ခုရောက်ရှိလာပြီဖြစ်တာကြောင့် ကိုယ့်အတွက် ဘယ်လိုမှအဆင်မပြေတဲ့ အချစ်ရေးတစ်ခုမှာ နစ်မွန်းနေပြီး အချိန်တွေဖြုန်းမနေသင့်တော့ပါဘူး။ ဖြစ်နိုင်ရင် ကိုယ်နဲ့ လုံးဝအဆင်မပြေတဲ့အချစ်ရေးတစ်ခုကို ရပ်တန့်သင့်ရင်ရပ်တန့်ဖို့ လိုလာပြီဖြစ်ပါတယ်။ အဆင်ပြေနိုးနဲ့ ဆက်လက်ပြီး ဒီအချစ်ရေးမှာနစ်မွန်းနေရင် အားလုံးထက် နောက်ကျကျန်နေဖို့များပါတယ်။

(၃) ကျန်းမာရေးကို မေ့လျော့ထားခြင်း

လူတစ်ယောက်မှာ ကျန်းမာရေးက ဘယ်လောက်အထိ အရေးပါတယ်ထင်ပါသလဲ။ အဖြေကတော့ တော်တော်လေးကို အရေးပါတယ်လို့ပြောရမှာဖြစ်ပါတယ်။ ကျန်းမာမှ စိတ်သွားတိုင်းကိုယ်ပါပြီး လုပ်ချင်တဲ့အလုပ်တွေ ဖြစ်ချင်တဲ့ဆန္ဒတွေကို ပြည့်ဝအောင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် သင့်ကျန်းမာရေးနဲ့ ပတ်သတ်ပြီး အရေးကြီးတဲ့ စားသောက်နေထိုင်မှု ပုံစံတွေကို အသက် (၂၅) နှစ်နောက်ပိုင်း အလေးထားဖို့လိုလာပြီဖြစ်ပါတယ်။

(၄) အပျော်အပါးမက်ခြင်း

လူငယ်အနေနဲ့ အသောက်အစားအပျော်အပါးနဲ့ မကင်းတာ သဘာဝပါ။ တစ်ခါလေတစ်လေ ဘော်ဒါတွေနဲ့ သောက်မယ်စားမယ် ပျော်မယ်ပါးမယ်ဆိုတာ လက်ခံလို့ရပေမယ့် အမြဲလိုလို ဘဝတိုးတက်ရာတိုးတက်ကြောင်း လုပ်ဆောင်ဖို့မရှိဘဲ အသောက်အစားကိစ္စတွေနဲ့သာ ကျင်လည်နေမယ်ဆိုရင်တော့ ကိုယ်ရည်မှန်းထားတဲ့ ဘဝအောင်မြင်မှုပန်းတိုင်ကလည်း ကိုယ်နဲ့အလှမ်းဝေးနေဦးမှာဖြစ်ပါတယ်။