သမီးရည်းစားဆက်ဆံရေးမှာ အခက်တွေ့ဆုံးကတော့ လမ်းခွဲစကား ဆိုရမယ့်အချိန်ပဲဖြစ်ပါတယ်။ ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ သံယောဇဉ်တွေ အထပ်ထပ်ရစ်ပတ်နှောင်တွယ်လာကြတဲ့အခါ လမ်းခွဲစကားဆိုဖို့ နောက်တွန့်တတ်ကြပါတယ်။

ဒါပေမယ့် ကိုယ်ကိုယ်တိုင်က မချစ်တော့ဘူးလို့ သိပြီဆိုရင်တော့ သူ့ကို ဖွင့်ပြောပြီး လမ်းခွဲသင့် ခွဲရပါလိမ့်မယ်။ ဘယ်အချိန်က လမ်းခွဲစကားဆိုရမယ့်အချိန်လဲ။

ကိုယ့်လက်တွဲဖော်ကို မယုံကြည်ရဘူးလို့ ထင်လာမိတဲ့အချိန်

ချစ်သူတွေအဖို့ တစ်ဦးကို တစ်ဦး ယုံကြည်မှ စိတ်သက်သာတာပါ။ ဒီလိုမှ မဟုတ်ဘဲ ကိုယ့်လက်တွဲဖော်အပေါ် တချိန်လုံးသံသယတွေများနေပြီဆိုရင်တော့ ကိုယ်ကိုယ်တိုင်လည်း ပူလောင်နေရသလို ကိုယ့်တွဲဖက်ကလည်း ပူလောင်နေရပါတယ်။

ယုံကြည်မှုမရှိတဲ့ လက်တွဲဖော်ကို တွဲလက်ဖြုတ်ဖို့ ပြင်ဆင်တာဟာ နှစ်ယောက်စလုံးအတွက် ကောင်းပါလိမ့်မယ်။

တစ်ယောက်ကို တစ်ယောက် လေးစားမှုမရှိတဲ့အခါ

ဘယ်လောက်ပဲ အတွင်းကျတဲ့ ဆက်ဆံရေးမျိုးပိုင်ဆိုင်ထားတဲ့ ချစ်သူနှစ်ယောက် ဖြစ်နေပါစေ။ တစ်ဦးကို တစ်ဦး လေးစားမှုရှိရမှာပါ။ အပြန်အလှန်အထင်ကြီးလေးစားမှုမရှိတဲ့အခါ နှစ်ဦးကြားက အချစ်တွေဟာလည်း ပေါ့ပျက်ပျက်ဖြစ်လာပါလိမ့်မယ်။

အရာရာကို ဝင်ရောက်စွက်ဖက်လိုတဲ့အခါ

ဘယ်လိုပဲ ချစ်ကြပါစေ။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကတော့ ရှိနေဆဲပါပဲ။ ကိုယ့်အရေးကိစ္စမှန်သမျှကို ဝင်ရောက်စွက်ဖက်လိုတဲ့ စိတ်ဟာ အစွန်းတစ်ဖက်ကို ရောက်ရှိနေပါတယ်။ နေရာတကာ ဝင်စွက်ဖက်လိုတဲ့ လက်တွဲဖော်ကြောင့် သူငယ်ချင်းတွေနဲ့ စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာနိုင်ပါတယ်။

နှိမ့်ချဆက်ဆံမှုတွေများလာတဲ့အခါ

တချို့က သူတို့ အမှားကို ဖုံးကွယ်လိုစိတ်နဲ့ သူများကို ဖိနှိပ်ဆက်ဆံတာမျိုးတွေ ရှိပါတယ်။ သူစိမ်းရဲ့ ဖိနှိပ်ဆက်ဆံမှုဟာ မပြောပလောက်ပေမယ့် ချစ်သူရဲ့ ဖိနှိပ်ဆက်ဆံမှုတွေ ကြုံရတဲ့အခါ သိမ်ငယ်စိတ်က တခြားအရာတွေထက် ပိုပြင်းပါတယ်။ ချစ်သူနှစ်ဦးကြားတွင်သာမကဘဲ ပြင်ပဆက်ဆံရေးမှာပါ သိမ်ငယ်စိတ်တွေ ခံစားလာရပြီဆိုရင်တော့ တရားခံဟာ သင့်ချစ်သူပါပဲ။