လူတစ်ယောက်ဟာ တစ်နေ့မှာ ၈ နာရီလောက်က အိပ်ရာပေါ်မှာ အချိန်ကုန်ပါတယ်။ တစ်နည်းအားဖြင့် တစ်နေ့တာရဲ့ သုံးပုံတစ်ပုံဟာ အိပ်ရာပေါ် ရောက်နေကြတာပါ။

အိပ်ရာခင်းတွေရဲ့ သန့်ရှင်းမှုဟာ သင့်ရဲ့ တစ်ကိုယ်ရေကျန်းမာရေးကို တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်။ အိပ်ရာခင်းအစွပ်တွေ ညစ်ပတ်နေမယ်ဆိုရင် တစ်ကိုယ်ရေကျန်းမာရေးပိုင်း ထိခိုက်လာနိုင်ပါတယ်။

ဒီတော့ ကိုယ်သုံးနေတဲ့ အိပ်ရာခင်းအစွပ်ကို ဘယ်လိုအခြေအနေမှာ အသစ်လဲပေးရပါမလဲ။

(၁) အရောင်ပြောင်းနေပြီဆိုရင်

ဝယ်တုန်းက အဖြူရောင် အိပ်ရာခင်းက ဝါကြန့်ကြန့် ဖြစ်နေပြီဆိုရင် အသစ်လဲပေးဖို့ လိုနေပါပြီ။ အိပ်ရာခင်း အရောင်ပြောင်းလာတယ်ဆိုတာ ဒီအိပ်ရာပေါ်မှာ သင်အိပ်စက်တဲ့ အကြိမ်ရေ တော်တော်လေး များနေပြီဆိုတဲ့ အချက်ပြမှုလည်း ဖြစ်သလို သင့်ကျန်းမာရေးအတွက်ပါ မကောင်းတော့ဘူးလို့ သတိပေးနေတာပါပဲ။

(၂) မွေ့ယာအစွပ်မျှော့ကြိုး သေလာရင်

အိပ်ရာခင်းမှာမှ ဒီအတိုင်း အစွပ်မပါတဲ့ Flat Sheet နဲ့ မွေ့ယာကို စွပ်တဲ့ မျှော့ကြိုးပါတဲ့ Fitted Sheet ဆိုပြီး နှစ်မျိုး ရှိပါတယ်။ Fitted Sheet တွေ သုံးရင်းနဲ့ မျှော့ကြိုးတွေက အလုပ်မလုပ်တော့ဘူးဆိုရင် အသစ်လဲပေးဖို့ လိုုနေပြီ ဖြစ်ပါတယ်။

(၃) အိပ်ယာခင်း စုတ်ပြဲနေရင်

ဒါကတော့ အမြင်လည်း မတော်သလို ပိုပြီးလည်း ညစ်ပတ်ဖို့ လွယ်ပါတယ်။ အိပ်ရာခင်း ညစ်ပတ်ရင် ကိုယ်ခန္ဓာ ယားယံလာမယ်။ နောက်ဆုံး အရေပြားကျန်းမာရေးပါ ပြဿနာ ရှိလာနိုင်ပါတယ်။

(၄) ကောင်းကောင်းမလျှော်နိုင်ရင်

အိပ်ရာခင်းတို့ စောင်တို့ဆိုတာ တစ်ပတ်တစ်ခါ လျှော်ဖြစ်ဖို့ မလွယ်ပါဘူး။ မလျှော်မဖွပ်ဖြစ်ဘဲ လချီကြာလာရင်တော့ အိပ်ရာခင်းတွေက ဘစ်ပတ်နံစော်လာတတ်ပါတယ်။ ဒါကြောင့် အသစ်မဝယ်ဖြစ်ရင် တစ်ပတ် တစ်ကြိမ်ဖြစ်ဖြစ် ကောင်းကောင်း လျှော်ဖွပ်ပေးသင့်ပါတယ်။

(၅) ဝယ်ထားတာ သိပ်ကြာနေပြီဆိုရင်

အိပ်ရာခင်းကို ပုံမှန်လည်း လျှော်ဖြစ်တယ် ၊ အခုထိလည်း အကောင်းကြီးဆိုရင်တောင် နှစ်နဲ့ ချီကြာလာရင် အသစ်လဲပေးဖို့ အကြံပြုချင်ပါတယ်။ အိပ်ရာခင်းတွေဟာ မျက်စိနဲ့ မမြင်နိုင်တဲ့ အညစ်အကြေးတွေ ရှိကြပါတယ်။ အိပ်ရာခင်းတစ်ခုကို ၂ နှစ် ၃ နှစ်လောက် သုံးပြီးရင် အသစ်ဝယ်တာ ပိုကောင်းပါတယ်။