မင်္ဂလာပါ ပျိုမေတို့ရေ။ ပျိုမေတို့အနေနဲ့ ကိုယ်ထားနေကျ ဆံပင်ကေတွေကို ဘယ်လိုရွေးချယ်လေ့ရှိလဲ။ တစ်ချို့ကတော့ ဆံပင်ရှည် (သို့) ဆံပင်တိုထဲက ပိုကြိုက်တဲ့ပုံစံကိုပဲ ထားတတ်တဲ့သူတွေရှိသလို မျက်နှာပုံစံနဲ့ပိုလိုက်မယ်ထင်တဲ့ ဆံပင်ကေကိုမှ ရွေးထားတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဒီလိုမျိုး သင်ရွေးချယ်လိုက်တဲ့ ဆံပင်ကေကတစ်ဆင့် သင့်ရဲ့စိတ်နေစိတ်ထားအကြောင်း တစ်စိတ်တစ်ပိုင်း ပြောပြပေးနိုင်တယ်ဆိုတာရော သိထားပြီးပြီလား။

မသိသေးတဲ့သူတွေအတွက် လူတစ်ယောက်ရဲ့ထားနေကျ ဆံပင်ကေကတစ်ဆင့်သိနိုင်မယ့် အကျင့်စရိုက်၊ စိတ်သဘောထားတို့ အကြောင်းကို မျှဝေပေးလိုက်ပါတယ်နော်။ ကိုယ့်ဆံပင်ကေနဲ့တိုက်ကြည့်ပြီး တူနေတဲ့အချက်လေးတွေပါမလား စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်။

၁။ အရှည်အတိုင်းဖြည်ချထားတဲ့ ဆံပင်

အရိုးရှင်းဆုံးပုံစံဖြစ်လို့ ဒီလိုဆံပင်ကေရှိသူတွေဟာ ဆံပင်စတိုင်တိတိကျကျမရှိသူတွေလို့ အထင်ခံရတတ်ပါတယ်။ ဒါပေမယ့် ဒီလိုချထားတာကလည်း ကိုယ်ပိုင်စတိုင်တစ်ခုပါပဲနော်။ ဆံပင်အရှည်အတိုင်း ချထားတတ်တဲ့သူတွေဟာ သဘာဝအလှကိုမြတ်နိုးပြီး ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူဖို့ မမေ့တဲ့သူတွေဖြစ်သလို လိုချင်တဲ့ပန်းတိုင်ကို မရရအောင် စိတ်ဆုံးဖြတ်ပြီးသွားတတ်ကြတဲ့ စိတ်မျိုးရှိကြသူတွေဖြစ်ပါတယ်။

၂။ Ponytail စည်းတဲ့ ဆံပင်ကေ

Ponytail လို့ခေါ်တဲ့ ဆံပင်ကိုရှင်းနေအောင် ခပ်မြင့်မြင့်စည်းရတဲ့ပုံစံက အခုနောက်ပိုင်းအများစု လုပ်တတ်ကြတဲ့ ဆံပင်ကေလေးလို့ ပြောလို့ရပါတယ်။ ဒီလိုမျိုး Ponytail ကိုမှ စည်းထားရတာ ကြိုက်တဲ့သူတွေဟာဆိုရင် Romantic ဆန်ပြီး ခေတ်နဲ့ညီတဲ့ အသစ်အသစ်သောအရာတွေကို စူးစမ်းရတာကြိုက်တဲ့သူတွေပါ။ ဒါ့အပြင် လူတွေနဲ့ Social ကျအောင်နေတတ်သူတွေဆိုရင်လည်းမမှားပါဘူး။

၃။ ဆံပင်အတို Bob ကေ

Bob လို့ခေါ်တဲ့ ဂုတ်ဝဲဆံပင်ကေက လူငယ်ဆန်တာမို့ တော်တော်များများညှပ်ကြတဲ့ ဆံပင်ကေလေးပါ။ ဒီဆံပင်ကေမျိုးထားတတ်တဲ့သူတွေဟာ အခြားသူတွေရဲ့ ကိုယ့်အပေါ်အမြင်ကို အလေးထားပြီး လက်ခံတတ်တဲ့သူတွေဖြစ်ပါတယ်။ စိတ်ရှုပ်မခံနိုင်သူလေးတွေဖြစ်ပြီး ဘဝကို ပေ့ါပေါ့ပါးပါး၊ တည်တည်ငြိမ်ငြိမ်ပဲ ဖြတ်သန်းချင်ကြသူတွေပါ။

၄။ ဆံထုံးထုံးထားတဲ့ ဆံပင်ကေ

ပုံမှန်ဆံထုံးလေးတွေ ထိုးတတ်တဲ့သူတွေဟာ ပွင့်လင်းရိုးသားမှုကိုမြတ်နိုးပြီး တီထွင်နိုင်စွမ်းမြင့်တဲ့သူတွေဖြစ်ပါတယ်။ အများစုဟာ အနုပညာပိုင်းကိုဝါသနာပါကြပြီး ကိုယ့်ရဲ့ Natural Talent နဲ့ဆိုင်တဲ့လမ်းကြောင်းကိုပဲ လေ့လာလိုက်စားရတာကို နှစ်သက်ကြပါတယ်။

၅။ တစ်ဝက်စည်း ဆံပင်ကေ

ခေတ်မှီသလို စည်းရအရမ်းလွယ်တဲ့ တစ်ဝက်စည်းဆံပင်ကေလေးကလည်း မိန်းကလေးတိုင်းလိုလို ထားတတ်ကြတဲ့ Hairstyle လေးပါ။ သင့်ကိုတည်ငြိမ်တဲ့မျက်နှာပေါက်လေးရစေတဲ့အပြင် ဒီကေလေးကတစ်ဆင့် သင်ဟာကိုယ်မှန်တယ်ထင်ရင် ဆုံးဖြတ်ချက်ပြတ်သားတဲ့သူ၊ ဘဝကို ရိုးရိုးအေးအေးလေး ဖြတ်သန်းရတာကြိုက်တဲ့သူအဖြစ် ဖော်ပြနေပါတယ်။

၆။ ကျစ်ဆံမြီးကျစ်လေ့ရှိတဲ့ ဆံပင်ကေ

ဆံပင်ကို ကျစ်ဆံမြီးလေးတွေကျစ်တာက ဘယ်တော့မှမရိုးတဲ့ Hairstyle လို့ပြောလို့ရသလို ကျက်သရေရှိပြီး မိန်းကလေးတိုင်းနဲ့လည်း လိုက်ဖက်ပါတယ်။ ဒီလိုကျစ်ဆံမြီးလေးတွေ ပုံမှန်ကျစ်တတ်တဲ့သူတွေဟာ သစ္စာရှိတဲ့သူတွေဖြစ်သလို အမြင်ကျယ်ပြီး ကူညီတတ်တဲ့စိတ်ထားမျိုးလည်း ရှိတတ်ကြတဲ့သူတွေပါ။

Photo Source: Pinterest

By MyStyle Myanmar