အိမ်ထောင်ပြုတယ်ဆိုတာ ပြောရတာလွယ်သလောက် တကယ်တွေးကြည့်လိုက်မယ်ဆိုရင် တော်တော်မလွယ်တဲ့ ကိစ္စတခုပါ။ တစ်ချို့တွေကတော့ အသက်ကြီးမှ အိမ်ထောင်ပြုတာဟာ အိမ်ထောင်ရေးကိုပိုမိုခိုင်မြဲစေတယ်လို့ ယူဆထားကြပြီး တစ်ချို့တွေကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတဲ့အခါ ပြိုကွဲနိုင်ချေများတယ်လို့ ယူဆထားကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ချစ်သူစုံတွဲတွေအနေနဲ့ အိမ်ထောင်ပြုဖို့အတွက် ဘာတွေကိုအရင်ဆုံးစဉ်းစားသင့်သလဲဆိုတာကို ပြောပြပေးသွားမှာပါ။

(၁) ချစ်သူချင်းဆက်ဆံရေးကို ပြန်သုံးသပ်ပါ

Photo : Best Body Physio & Pilates Perth

မိမိချစ်ရတဲ့သူကို တကယ်ယုံကြည်ပြီလား ယုံလို့ရောရလားဆိုတာ သုံးသပ်ဆုံးဖြတ်ပါ။ ယုံကြည်မှုဆိုတာ ချစ်သူတွေအတွက် အဓိကကျတဲ့ အရာတစ်ခု ဖြစ်တာကြောင့် ယုံကြည်မှုကို တည်ဆောက်ပြီးချိန်မှ လက်ထပ်ဖို့စဉ်းစားသင့်ပါတယ်။

(၂) ဆက်ဆံရေးကို ဆန်းစစ်ကြည့်ပါ

Photo : 360 Degrees

ကိုယ့်ဘက်ကသေချာပြီဆိုရင် လက်ထပ်ဖို့အထိ ရှေ့ဆက်တိုးဖို့ အပြန်အလှန်ဆက်ဆံရေးကို အချက်တချို့နဲ့ ဆန်းစစ်ကြည့်ပါ။

  • တကယ်ချစ်တာလား
  • တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိလား
  • သူနဲ့အတူရှိချိန် ပျော်ရွှင်ရဲ့လား
  • သူက ကိုယ့်အပေါ်ကောင်းရဲ့လား
  • ဘဝအတွက် ရည်မှန်းထားတဲ့ မျှော်လင့်ချက်တွေတူသလား

ကိုယ်နဲ့သဟဇာတဖြစ်ရဲ့လား စတဲ့အချက်တွေက တစ်သက်လုံးလက်မတွဲခင် တွေးကြည့်သင့်တဲ့အရာတွေပါ။

(၃) မိမိကိုလေးစားမှုရှိလား

Photo : Freepik

လက်တွဲကြတော့မယ့်သူအချင်းချင်း ဆက်ဆံတဲ့အခါ လေးစားမှုရှိသင့်ပါတယ်။ အခန့်မသင့်လို့ ရန်ဖြစ်ချိန်တွေမှာ ဒေါသပေါက်ကွဲတဲ့အခါမျိုးမှာ လေးစားမှုလေးရှိရင် နောင်အခါ မေတ္တာပျက်ဖို့ အခွင့်အလမ်းနည်းစေပါတယ်။

(၄) ရင်းနှီးပွင့်လင်းတဲ့သူတွေဖြစ်ပြီလား

ကိုယ်ကြိုက်တာ မကြိုက်တာတွေကို အချင်းချင်းသိနေကြပြီး ပွင့်ပွင့်လင်းလင်းဆက်ဆံနေကြပြီလား။ ကိုယ့်ကို ပြုမူဆက်ဆံစေလိုတဲ့ ပုံစံအတိုင်း တစ်ဖက်ကို ဆက်ဆံပေးနိုင်ပြီဆိုရင် သာယာခိုင်မြဲတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်ပါလိမ့်မယ်။

ဘဝနှစ်ခုပေါင်းစည်းဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စရပ်တစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် နှစ်ယောက်သား ပွင့်ပွင့်လင်းလင်း တိုင်တိုင်ပင်ပင် ရှိနေမယ်ဆိုရင် အဆင်ပြေတဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ထောင်နိုင်မှာ အမှန်ပါပဲ။