သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိချက်တွေအရ သင်အိပ်စက်နေစဥ်မှာတောင် သင့်ရဲ့ခန္ဓာကိုယ်က စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေ ရပ်တန့်မသွားဘူးဆိုတာပါပဲ။

ဒီတော့ အသိစိတ်ကင်းမဲ့နေချိန်မှာ ဘယ်လိုလှုပ်ရှားမှုတွေက ကိုယ့်ရဲ့ ပင်ကိုယ်အမူကျင့်တွေ ဖော်ပြတတ်တယ်၊ ဘယ်လိုကိုယ်နေဟန်ထားက သက်တောင့်သက်သာနဲ့ အိပ်ပျော်စေနိုင်လဲဆိုတာ လေ့လာကြည့်ရအောင်။

(၁) အမိဝမ်းဗိုက်ထဲမှာ ရှိနေသလို အိပ်စက်ခြင်း

ဒီလိုအိပ်စက်တတ်သူတွေဟာ များသောအားဖြင့် အပြင်ပိုင်းမာကြောတယ်ထင်ရပေမယ့် အတွင်းစိတ်နူးညံ့ထိရှလွယ်နေတတ်ပါတယ်။

အမျိုးသားတွေထက် အမျိုးသမီးများမှာ ၂ဆပိုတွေ့ရတတ်ပြီး ထိုသူတွေဟာ စစချင်းရှက်ကြောက်တတ်ပေမယ့် လူတွေနဲ့ပေါင်းသင်းဆက်ဆံရာမှာ အဆင်ပြေချောမွေ့တတ်ကြပါတယ်။

(၂) သစ်တုံးတစ်ခုလို ငြိမ်သက်စွာ အိပ်စက်ခြင်း

အဲ့လိုအိပ်စက်တတ်သူတွေဟာ အပေါင်းသင်းများပြီး ပျော်ပျော်နေတတ်ကြပါတယ်။ တစ်ခါမှ မတွေ့ဖူးသူတွေကိုတောင် ယုံကြည်ပေးနိုင်တဲ့ထိ ပေါ့ပါးလွတ်လပ်တဲ့ အကျင့်လေးရှိတတ်ပါတယ်။

(၃) မျက်နှာကို ခေါင်းအုံးမှာအပ်ပြီး မှောက်အိပ်တတ်ခြင်း

ကိုယ်ဝန် ဆောင်မိခင်များ၊ လည်ပင်းနှင့်ကျောရိုး အနာတရဖြစ်ဖူးသူများ အထူးရှောင်ကြဥ်သင့်တဲ့ အိပ်စက်ခြင်းမျိုးဖြစ်ပါတယ်။ အပေါင်းသင်းများပေမယ့် ဆတ်ဆတ်ထိမခံတတ်တဲ့ စိတ်ထားမျိုးကို ပိုင်ဆိုင်သူများဖြစ်လေ့ရှိပါတယ်။

(၄) ဘယ် သို့မဟုတ် ညာဘက် စောင်းအိပ်ခြင်း

ဘယ်ဘက်စောင်းအိပ်ခြင်းဟာ အစာအိမ်ကိုဖိထားသလိုဖြစ်တတ်ပြီး အက်စစ်များပိုထွက်စေတတ်တာကြောင့် နှလုံးလေဟပ်ခြင်းကဲ့သို့ လက္ခဏာမျိုးကိုခံစားရတတ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ကျ သန္ဓေသားအတွက် လိုအပ်တဲ့အစာအာဟာရကို ပိုမိုရရှိစေတတ်လို့ ဘယ်ဘက်စောင်းအိပ်ပေးသင့်ပါတယ်။ ညာဘက်စောင်းအိပ်ခြင်းကတော့ နှလုံးကိုဖိအားလျော့နည်းစေလို့ နှစ်ခြိုက်စွာအိပ်မောကျစေနိုင်ပါတယ်။