အားလုံးပဲ မင်္ဂလာပါနော်။ အရောင်တွေက ကိုယ်ရဲ့စိတ်နေစိတ်ထား၊ Lifestyle ရွေးချယ်မှုတွေနဲ့ တစ်စိတ်တစ်ပိုင်း ဆက်နွယ်နေတယ်ဆိုတာ တော်တော်များများ ကြားဖူးကြမှာပါ။ အကြိုက်ဆုံးအရောင် (သို့) ကိုယ်နဲ့လိုက်လို့ ခဏခဏ ရွေးချယ်မိနေတဲ့ အရောင်တွေပေါ် မူတည်ပြီး ကိုယ့်ရဲ့ပင်ကိုယ်စရိုက်ကို အကြမ်းဖျင်းခန့်မှန်းနိုင်ပါတယ်။ သင်က လက်သည်းနီဆိုးရတာကြိုက်တဲ့သူဆိုရင်တော့ သင်အမြဲလိုလိုဆိုးမိတတ်တဲ့ လက်သည်းအရောင်ကတစ်ဆင့် သိနိုင်မယ့် သင့်အကြောင်းအချို့ကို မျှဝေပေးလိုက်ပါတယ်။ ကိုယ်နဲ့ကိုက်ညီတဲ့ အချက်တွေပါမလား ကြည့်လိုက်ရအောင်နော်-

အနီရောင်


အနီရောင်က အသားဆောင်တာမို့ အများစုဆိုးတတ်ကြပါတယ်။ ဒီအရောင်ကို ဆိုးလေ့ရှိသူတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနေတတ်ပြီး အလုပ်တစ်ခုကို စိတ်အားထက်သန်မှုရှိရှိနဲ့ လုပ်တတ်ကြပါတယ်။ သွက်သွက်လက်လက်နေတတ်တဲ့စရိုက်ရှိတာမို့ အမြဲ လူတွေကြားထဲထင်းနေတတ်သူတွေပါ။

အစိမ်းရောင်


အစိမ်းရောင်က သဘာဝနဲ့နီးစပ်ပြီး လုံခြုံမှုကိုခံစားရစေတဲ့ အရောင်တစ်မျိုးဖြစ်တာမို့ ဒီလိုအရောင် ဆိုးတတ်သူတွေက ဟန်ဆောင်မှုကင်းပြီး မိတ်ဆွေတွေအပေါ် အကြံဉာဏ်ကောင်းတွေ ပေးတတ်ကြပါတယ်။ လျို့ဝှက်ချက်ထိန်းသိမ်းတဲ့နေရာမှာလည်း တော်တာမို့ သူငယ်ချင်းတွေရဲ့ စိတ်ချယုံကြည်မှုကို ရတတ်ကြသူတွေပါ။

Nude အရောင်


Nude လို့ခေါ်တဲ့ အသားရောင်လေးတွေ ဆိုးနေကျသူ အများစုမှာတော့ သူများအမြင်ကိုဂရုမစိုက်ဘဲ ကိုယ်လိုချင်တာကိုလုပ်ရဲတဲ့ စရိုက်မျိုးရှိတတ်ကြပါတယ်။ သူတို့က Trend နောက်ကိုလိုက်တာမျိုးထက် ကိုယ့်ပုံစံအတိုင်းပဲ နေရတာ ကြိုက်တဲ့သူတွေပါ။

အမဲရောင်


အမဲရောင်ကိုမှ နှစ်နှစ်ခြိုက်ခြိုက် ဆိုးတတ်တဲ့သူတွေကတော့ အနုပညာပိုင်းကို စိတ်ဝင်စားပြီး ဖန်တီးနိုင်စွမ်းအားကောင်းကြတဲ့သူတွေပါ။ အပြင်ပိုင်းက မာနကြီးသလိုထင်ရနိုင်ပေမယ့် အများစုက စိတ်ခံစားလွယ်တဲ့သူတွေ ဖြစ်နေတတ်ပါတယ်။

လိမ္မော်ရောင်


လိမ္မော်ရောင်လေးရွေးဆိုးတတ်တဲ့သူတွေက ပျော်ပျော်နေတတ်ပြီး စူးစမ်းရတာကို ကြိုက်တတ်ကြပါတယ်။ လူအများကြားထင်ပေါ်အောင်နေတတ်ပြီး ဘေးလူတွေအပေါ် ဖော်ရွေတဲ့စိတ်ထားရှိသူတွေပါ။

ပန်းရောင်


များသောအားဖြင့် Romantic ဆန်ဆန်တွေးတတ်တဲ့သူတွေ၊ နူးညံ့နွေးထွေးတဲ့စရိုက်ရှိသူတွေက ပန်းရောင်လေးတွေကို ရွေးကြတာများပါတယ်။ ဒါ့အပြင် ပန်းရောင် လက်သည်းနီလေးတွေက အမြင်မရိုင်းဘဲ ယဉ်ယဉ်လေးနဲ့ တည်ငြိမ်တဲ့ Vibe ရစေမှာပါ။

အဝါရောင်


အဝါရောင်လို Crazy ကာလာလက်သည်းနီမျိုး ဆိုးကြတဲ့သူတွေဟာ လွတ်လပ်မှုကိုမြတ်နိုးပြီး ပျော်ပျော်နေတတ်ကြပါတယ်။ စွန့်စားလိုစိတ်ရှိသူတွေဖြစ်ပြီး ဟာသဉာဏ်လည်းကောင်းတာမို့ ဘေးမှာရှိတဲ့သူတိုင်းကို ပြုံးအောင် ဖန်တီးပေးတတ်သူတွေပါ။

Photo Source: Pinterest

By MyStyle Myanmar