စာဖတ်သူတို့အားလုံး မင်္ဂလာပါနော်။ ကိုယ်အမြဲတမ်းရွေးချယ်ဖြစ်တဲ့ ရေမွှေးနံ့လေးကတစ်ဆင့် ကိုယ့်ရဲ့ စိတ်နေစိတ်ထားနဲ့ ပင်ကိုယ်စရိုက်တွေအကြောင်း အကြမ်းဖျင်း ခန့်မှန်းနိုင်တယ်ဆိုတာ သိထားပြီပြီလား။ အမွှေးနံ့အမျိုးမျိုးထဲမှာမှ ကိုယ်နဲ့အလိုက်ဖက်ဆုံးလို့ သတ်မှတ်ထားပြီး ပတ်ဝန်းကျင်ကပါ ကိုယ်နဲ့တွဲ အမှတ်ရနေတတ်တဲ့အနံ့မျိုး ပိုင်ဆိုင်ထားတဲ့သူတွေရှိတယ်ဆိုရင်တော့ ဒီဆောင်းပါးကသင့်အတွက် အသုံးဝင်မှာပါ။ ဒီတစ်ခေါက်မှာ သင်ရွေးချယ်လိုက်တဲ့ ရေမွှေးနံ့ကတစ်ဆင့် ဘယ်လိုလူမျိုးလည်းဆိုတာ ခန့်မှန်းနိုင်မယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်နဲ့တိုက်ဆိုင်တဲ့အချက်တွေပါမလား စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-
Woody နံ့
သစ်သားနံ့အခြေခံတဲ့ Woody Scent ကိုကြိုက်တဲ့သူတွေမှာတော့ ဘယ်အရာမဆို စင်းလုံးချောဖြစ်အောင် လုပ်ရမှ ကျေနပ်ကြတဲ့ စရိုက်မျိုးရှိကြပါတယ်။ သူတို့က ကျောင်းစာအပြင် အားကစားပါ လိုက်စားပြီး အားကိုးယုံကြည်လို့ရတဲ့ မိတ်ဆွေကောင်းတွေလည်း ဖြစ်ပါတယ်။ သဘာဝကို ချစ်မြတ်နိုးပြီး စွန့်စားရတဲ့အရသာကို ကြိုက်ကြတဲ့သူတွေဆိုရင်လည်း မမှားပါဘူး။
Vanilla နံ့
Vanilla နံ့ကိုမှ သုံးတတ်တဲ့သူတွေကတော့ နူးနူးညံ့ညံ့ အနံ့လေးနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ သွက်လက်တဲ့ပုံစံမျိုးရှိကြပါတယ်။ လူတွေနဲ့တွေ့ပြီးအပြင်သွားနေရတာကို နှစ်သက်သလို ပျော်ပျော်နေတတ်တဲ့ စရိုက်မျိုး ရှိတတ်ကြသူတွေပါ။
Floral အနံ့
ပန်းအနံ့လေးတွေကို နှစ်သက်တဲ့သူတွေကတော့ လူတိုင်းနဲ့တည့်အောင် ပေါင်းနိုင်ပြီး ချစ်တဲ့သူတွေအပေါ် ဂရုစိုက်ကြင်နာမှုပေးတတ်ကြတဲ့သူတွေပါ။ ကိစ္စတစ်ခုကို ရှု့ထောင်ပေါင်းစုံက ဖြည့်တွေးတတ်ကြတာမို့ တစ်ခါတစ်ရံ ဆုံးဖြတ်ချရခက်တာမျိုး ကြုံတတ်ကြပါသေးတယ်။ Romantic ဆန်ဆန်နေတတ်ပြီး ကိုယ်ချင်းစာစိတ်များတဲ့သူတွေပါ။
Fresh ဖြစ်တဲ့အနံ့
လန်းဆန်းတဲ့ လေပြေအေးလေလို Fresh ဖြစ်တဲ့ ရေမွှေးနံ့တွေဆိုတာကတော့ Citrus၊ Water နဲ့ Green ဖြစ်တဲ့သဘာဝရနံ့တွေကို အခြေခံထားတဲ့ Scent လေးတွေပါ။ ဒီလိုအနံ့လေးတွေ ကြိုက်တဲ့သူတွေက လွတ်လပ်မှုကို မြတ်နိုးပြီး သဘာဝကိုကြိုက်တဲ့ စိတ်ကူးယဉ်ဆန်သမားတွေဖြစ်ကြပါတယ်။ တစ်ယောက်ထဲတွေးနေရတာကို ပိုကြိုက်ကြပြီး သူတို့ရဲ့ အေးအေးဆေးဆေး နေတတ်တဲ့ Vibe က ဆွဲဆောင်မှုတစ်ခုလို ဖြစ်နေတတ်ပါတယ်။
Fruity အနံ့
အသီးအနှံကထွက်တဲ့ အနံ့လေးတွေကြိုက်တဲ့သူတွေက စိတ်မြန်လက်မြန်ရှိပြီး အပြောင်းအလဲတွေလုပ်ရမှာကို မကြောက်သူတွေပါ။ အခြားသူရဲ့အမြင်ထက် ကိုယ်မှန်တယ်ထင်ရင် အားမနာဘဲ သတ္တိရှိရှိ လုပ်တတ်တဲ့သူတွေလည်း ဖြစ်ပါတယ်။ စိတ်မရှည်တတ်တဲ့စရိုက်ရှိတာမို့ အထင်လွဲခံရပေမယ့် တစ်ကယ်တမ်းမှာ ကူညီတတ်ပြီး ဟန်မဆောင်တတ်ကြသူတွေပါ။
Photo Source: Pinterest
By MyStyle Myanmar