မင်္ဂလာပါနော်။ ပန်းလေးတွေမှာလည်း သူ့အဓိပ္ပာယ်နဲ့သူရှိကြတာမို့ ကိုယ်အမြဲရွေးလေ့ရှိတဲ့ အကြိုက်ဆုံးပန်းလေးတွေကတစ်ဆင့် ကိုယ့်ရဲ့ စိတ်နေစိတ်ထားနဲ့ အကျင့်စရိုက်တွေအကြောင်း အကြမ်းဖျင်း ခန့်မှန်းနိုင်မှာပါ။ သင်ကိုယ်တိုင်လည်း ပန်းကြိုက်သူတစ်ယောက်ဆိုရင် ဒီဆောင်းပါးက သင့်အတွက်ပါပဲ။ ပန်းကြိုက်တဲ့သူမရှားပေမယ့် အကြိုက်ချင်းတော့ မတူနိုင်တာမို့ ဒီတစ်ခေါက်မှာ ကိုယ်ရွေးလေ့ရှိတဲ့ ပန်းပွင့်လေးကတစ်ဆင့်ပြောပြနေတဲ့ စိတ်နေစိတ်ထားတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်နဲ့တူတဲ့ အချက်တွေပါနေမလား ကြည့်လိုက်ရအောင်နော်-

နှင်းဆီပန်း


လူကြိုက်အများဆုံးပန်းတစ်မျိုးဖြစ်တဲ့ နှင်းဆီပန်းတွေကတော့ Romantic ဆန်ခြင်းကို ကိုယ်စားပြုပြီး သူ့မှာ အရောင်ပေါ်မူတည်ပြီး မတူတဲ့ ထူးထူးခြားခြားအဓိပ္ပာယ်လေးတွေ ရှိတတ်ပါတယ်။ နှင်းဆီတွေကို အကြိုက်ဆုံးအဖြစ် ရွေးတတ်သူတွေဟာ နှလုံးသားနောက်လိုက်ပြီး ဆုံးဖြတ်တတ်တဲ့သူတွေ၊ စိတ်ဓာတ်သန်မာပြီး သတ္တိရှိတဲ့သူတွေဖြစ်ကြပါတယ်။ အများအတွက်တွေးပေးတတ်တဲ့ စိတ်ထားရှိသူတွေဆိုရင်လည်း မမှားပါဘူး။

Lily ပန်း


Lily ပန်းတွေဟာ သန့်စင်ခြင်းနဲ့ ကျက်သရေရှိခြင်းကို ကိုယ်စားပြုပြီး ဒီပန်းတွေကို ရွေးချယ်လေ့ရှိသူတွေကတော့ ဘဝကိုပျော်ပျော်နေတတ်ပြီး ကိုယ့်မှာရှိတဲ့အရာတွေကို တန်ဖိုးတတ်သူတွေပါ။ အပြစ်ကင်းစင်တဲ့အသွင်ကို ပိုင်ဆိုင်ထားကြပြီး Relationship တစ်ခုမှာ ယုံကြည်မှုနဲ့ ရိုးသားခြင်းက အရေးအကြီးဆုံးအဖြစ်ခံယူထားသူတွေဖြစ်ပါတယ်။

ဒေစီပန်း


ဒေစီပန်းတွေဟာ ကြည်လင်ခြင်းနဲ့ မျှော်လင့်ခြင်းကို ကိုယ်စားပြုတာမို့ ဒီပန်းလေးကိုမှ ကြိုက်တဲ့သူတွေဟာ အရာရာကို အကောင်းမြင်စိတ်နဲ့ ကြည့်တတ်တဲ့သူတွေဖြစ်ကြပါတယ်။ ခင်ဖို့ကောင်းပြီး ဘေးမှာရှိတဲ့ လူတွေကိုရယ်မောအောင် ဖန်တီးပေးနိုင်တဲ့သူတွေပါ။ ဒေစီပန်းငုံတွေဟာ မနက်ခင်းရောက်မှ ပွင့်တတ်ကြတာမို့ ဒီပန်းကြိုက်သူတွေကလည်း မနက်စောစောထရတာကြိုက်တဲ့သူတွေဖြစ်နေတတ်ပါတယ်။

ကျူးလစ်ပန်း


ကျူးလစ်ပန်းတွေမှာလည်း မတူတဲ့အရောင်တွေရဲ့ အဓိပ္ပာယ်အမျိုးမျိုးရှိပါတယ်နော်။ လူကြိုက်များတဲ့ အဝါရောင်ကျူးလစ်တွေကတော့ ပျော်ရွှင်ခြင်းကို ကိုယ်စားပြုနေပါတယ်။ ကျူးလစ်ပန်းကိုကြိုက်တဲ့သူတွေဟာ တွေးခေါ်နိုင်စွမ်းကောင်းပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိကြသူတွေပါ။ သဘာဝကိုချစ်ပြီး ရိုးရိုးရှင်းရှင်းနေတတ်ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။

နေကြာပန်း


နေကြာပန်းကိုကြိုက်တယ်ဆိုရင်တော့ သင်ဟာ နွေးထွေးပြီး သူငယ်ချင်းအသစ်တွေနဲ့ မိတ်ဆွေဖွဲ့ရတာကိုသဘောကျသူပါ။ အရောင်လင်းတာလေးတွေ နှစ်သက်ပြီး အရာရာကို အကောင်းဘက်ကကြည့်တတ်တဲ့ အကောင်းမြင်စိတ်များသူတစ်ယောက်လည်း ဖြစ်ပါလိမ့်မယ်။

Lilacs ပန်း


Lilacs ပန်းတွေကတော့ ငယ်ရွယ်ခြင်းကို ကိုယ်စားပြုပါတယ်။ ဒီပန်းကိုကြိုက်တဲ့သူတွေဟာ အတိတ်ကိုအောင့်မေ့တတ်တဲ့ အဆွေးဓာတ်ခံရှိကြပြီး အတွေးများတဲ့ ခံစားလွယ်သူတွေဖြစ်နေတတ်ပါတယ်။

သစ်ခွပန်း


သစ်ခွပန်းတွေဟာ မိန်းကလေးဆန်ခြင်းနဲ့ ရင့်ကျက်တဲ့အလှကို ကိုယ်စားပြုတဲ့ သင်္ကေတတစ်ခုဖြစ်လို့ ဒီပန်းကိုကြိုက်တဲ့သင်ဟာ ခေတ်ဆန်ဆန်နေတတ်ပြီး ခပ်အေးအေး စကားနည်းသူပါ။ စတိုင်ကျကျနေတတ်ကြတာမို့ ဘေးလူတွေရဲ့အာရုံစိုက်ခြင်း ခံရတတ်သူတွေဆိုရင်လည်း မမှားပါဘူး။

Photo Source: Pinterest

By MyStyle Myanmar