ကိုယ်ကြိုက်တဲ့အရောင်တွေက ကြည့်လိုက်တာနဲ့မျက်လုံးထဲထင်းနေတတ်ပြီးတော့ ဒီလိုအရောင်တွေနဲ့ ပတ်သက်တဲ့ အဝတ်အစား၊ အသုံးအဆောင်တွေကိုရွေးချယ်အသုံးပြုလိုက်တဲ့အခါ ကိုယ့်ကိုကိုယ်ယုံကြည်မှု ပိုရှိလာသလို ခံစားရစေတတ်ပါတယ်။ သိပ္ပံနည်းအရလည်း အရောင်တွေက လူတွေရဲ့စိတ်ခံစားချက်နဲ့ ရွေးချယ်မှု Lifestyle တွေအပေါ် လွှမ်းမိုးမှုရှိတာကြောင့် အကြိုက်ဆုံးအရောင်တွေကနေတစ်ဆင့် ကိုယ့်ရဲ့အကျင့်စရိုက်တွေအကြောင်းကိုပါ အကြမ်းဖျင်းခန့်မှန်းလို့ရနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ သင်ရွေးချယ်လိုက်တဲ့ အရောင်တွေကတစ်ဆင့်လေ့လာနိုင်တဲ့ သင့်အကြောင်းအချို့ကို မျှဝေပေးချင်ပါတယ်။ ဒီတော့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

၁။ အဖြူရောင်


အဖြူရောင်ကသန့်စင်ပြီး အပြစ်ကင်းစင်ခြင်းကိုပြတဲ့အရောင်မျိုးဖြစ်ပါတယ်။ အဖြူရောင်ကိုကြိုက်တဲ့သူတွေဟာ လိုချင်တာကိုမရရအောင်ကြိုးစားတတ်ကြပြီး စိတ်ကူးစိတ်သန်းကောင်းတဲ့သူတွေဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ်နေရတာကိုကြိုက်ပြီး ရိုးရှင်းပွင့်လင်းတဲ့ ပင်ကိုယ်စရိုက်ရှိတဲ့သူတွေဆိုရင်လည်းမမှားပါဘူး။

၂။ အနက်ရောင်


အနက်ရောင်ကြိုက်တဲ့သူတွေက ဆုံးဖြတ်ချက်ခိုင်မာပြီး ဘယ်အရာမဆို စိတ်အားထက်သန်စွာနဲ့ လုပ်ကိုင်တတ်ကြတဲ့သူတွေပါ။ တော်ရုံဝမ်းမနည်းတတ်တဲ့သူတွေဖြစ်ပြီး စိတ်ခံစားချက်တွေနဲ့ပတ်သက်ရင် အရင်းနှီးဆုံးလူအနည်းငယ်ကလွဲလို့ အခြားလူရှေ့မှာ ထုတ်ပြလေ့မရှိတဲ့သူတွေဖြစ်ပါတယ်။

၃။ အနီရောင်


အနီရောင်က ဆွဲဆောင်မှုရှိပြီး တက်ကြွတဲ့သဘောကိုဆောင်တာကြောင့် ဒီအရောင်ကိုကြိုက်နှစ်သက်တဲ့သူ တွေဟာလည်း သွက်သွက်လက်လက်နဲ့ အပေါင်းအသင်းများပြီး ပျော်ပျော်နေတတ်တဲ့သူတွေဖြစ်ပါတယ်။ ရည်မှန်းချက်ကြီးမားပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိကြတဲ့သူတွေပါ။ စိတ်မြန်လက်မြန်ရှိကြပြီး စိတ်ဆိုးဒေါသထွက်လွယ်သူတွေလည်းဖြစ်ပါတယ်။

၄။ ပန်းရောင်


ပန်းရောင်ကိုအခြားအရောင်တွေထက်ကြိုက်နှစ်သက်တဲ့သူတွေကတော့ နွေးထွေးကြင်နာမှုရှိပြီး အခြားသူတွေအပေါ် ကာကွယ်ပေးတတ်တဲ့သူတွေဖြစ်ပါတယ်။ ကိုယ်တိုင်ကလည်းအချစ်ခံချင်ကြပြီး ချစ်တဲ့သူတွေအပေါ်မှာလည်း လိုအပ်တဲ့အချိန်တိုင်း ဂရုစိုက်မှုပေးဖို့ဝန်မလေးကြပါဘူး။

၅။ လိမ္မော်ရောင်


လိမ္မော်ရောင်ကြိုက်သူတွေကတော့ Social ကျပြီး လူအများကြားမှာထင်ပေါ်နေတတ်တဲ့သူတွေပါ။ အရာရာကိုစူးစမ်းလိုစိတ်ရှိကြပြီး အကြောက်အလန့်သိပ်မရှိကြတဲ့သူတွေလို့လည်းပြောလို့ရပါတယ်။ တစ်ခါတစ်လေမှာ Dramatic ဖြစ်တတ်ကြပေမယ့် ပျော်ပျော်နေတတ်တဲ့ဗီဇကြောင့် ဘေးမှာရှိတဲ့သူတွေကိုပါ အပျော်ကူးစက်စေတဲ့ သူငယ်ချင်းကောင်းတွေဖြစ်ပါတယ်။

၆။ အဝါရောင်


အဝါရောင်ကြိုက်တဲ့သူတွေကတော့ စိတ်ကူးယဉ်ဆန်ပြီး စွန့်စားလိုစိတ်ရှိတဲ့သူတွေဖြစ်ပါတယ်။ အကောင်းမြင်စိတ်များပြီး စီးပွားရေးလုပ်တဲ့နေရာမှာ ကျွမ်းကျင်ပါးနပ်တဲ့အတွေးအခေါ်ကောင်းတွေ ရှိကြတဲ့သူတွေပါ။

၇။ အစိမ်းရောင်


အစိမ်းရောင်ကြိုက်သူတွေက များသောအားဖြင့် နူးညံ့သိမ်မွေ့ပြီး မာနမကြီးတတ်ကြသူတွေပါ။ ဟန်ဆောင်မှုကင်းပြီး သူငယ်ချင်းတွေအပေါ်လည်း သစ္စာရှိတတ်ကြတဲ့သူတွေဖြစ်ပါတယ်။

၈။ အပြာရောင်


အပြာရောင်ကြိုက်တဲ့သူတွေမှာ တည်ငြိမ်ပြီးအေးဆေးတဲ့ နေထိုင်မှုမျိုးရှိကြပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှု ရှိကြတဲ့သူတွေဖြစ်ပါတယ်။ ဘေးမှာရှိတဲ့သူတွေအပေါ်အားပေးအဖော်ပြုပေးနိုင်သူတွေဖြစ်တာကြောင့် သူငယ်ချင်းတွေရဲ့ရင်ဖွင့်ဖော်အဖြစ်ယုံကြည်အားကိုးရတဲ့သူတွေဆိုရင်လည်းမမှားပါဘူး။

Photo Source: Pinterest

By MyStyle Myanmar