လူအများစုကတော့ အိပ်ရာမဝင်မှီအချိန်တွေမှာ ဖုန်းတွေနဲ့ပဲ အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ ဒါဟာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပြီး ရေရှည်အတွက်တော့ လုံးဝမကောင်းတဲ့ အကျင့်စရိုက်တစ်ခုဖြစ်ပါတယ်။

ဒီနေ့မှာတော့ အိပ်ရာမဝင်ခင်အချိန်တွေမှာ ဖုန်းတွေသုံးမယ့်အစား အခုပြောပြမယ့်အရာလေးတွေ လုပ်ဆောင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၁) တရားထိုင်ပါ

စိုးရိမ်ပူပန်ခြင်းတွေနှင့် အတွေးလွန်ခြင်းကြောင့် ညဘက်မှာကောင်းစွာအိပ်ပျော်ဖို့ ခက်ခဲနေလား။ တရားထိုင်ခြင်းအလေ့အကျင့်က သင့်ရဲ့စိတ်ကိုအကောင်းဆုံးရှင်းလင်းပေးပြီး စိုးရိမ်ပူပန်မှုတွေ အတွေလွန်ခြင်းကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုလျော့ကျဖို့ ကူညီပေးပါတယ်။

ဒါကြောင့် အိပ်ရာမဝင်မီ မိနစ် ၂၀ လောက်အလိုမှာ တရားထိုင်ခြင်းအလေ့အကျင့်ကို လုပ်ဆောင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၂) စာအုပ်ဖတ်ပါ

အိပ်ရာမဝင်မှီ စာဖတ်ခြင်းက သင့်ရဲ့ စိတ်နှင့်ခန္ဓာကိုယ်ကိုအကောင်းဆုံး အနားယူအပန်းဖြေစေနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ လေ့လာဆန်းစစ်မှုတစ်ခုအရ မအိပ်ခင် ၆ မိနစ်လောက်စာဖတ်ခြင်းက စိတ်ဖိစီးမှု ၆၀ ရာခိုင်နှုန်းလောက်လျော့ကျစေတယ်လို့သိရပါတယ်။

စိတ်ဖိစီးမှုလျော့နည်းခြင်းက သင့်ကိုပိုပြီးကောင်းစွာအိပ်ပျော်စေတာကြောင့် အိပ်ရာမဝင်ခင်စာဖတ်ပေးသင့်ပါတယ်။

(၃) ချစ်ရသူတွေနဲ့အချိန်ကုန်ဆုံးပါ

စိန်ခေါ်မှုတွေ ပင်ပန်းမှုတွေနဲ့ တစ်နေ့တာကိုအကောင်းဆုံးဖြတ်သန်းခဲ့ပြီး ညအိပ်ရာဝင်ချိန်မှာ ကိုယ်ချစ်ခင်ရသူတစ်စုံတစ်ဦးနဲ့ စကားပြောပြီး အချိန်ကုန်ဆုံးသင့်ပါတယ်။ ကိုယ့်နဲ့ ရင်ဘတ်ချင်းနီးပြီး ကိုယ့်အတွက်အကောင်းဆုံးနှစ်သိမ့်ပေးနိုင်တဲ့ ရင်ခွင်တစ်စုံလိုအပ်ပါတယ်။

ဒါကြောင့် မိသားစုဝင် ချစ်သူရည်းစား နောက်ဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ခဏတာအချိန်ဖြုန်းပြီးမှ အိပ်ရာဝင်သင့်ပါတယ်။

(၄) သီချင်းနားထောင်ပါ

သီချင်းနားထောင်ခြင်းက စိတ်ကိုကြည်လင်အေးချမ်းစေပြီး စိတ်ဖိစီးမှုကိုလျော့ကျသက်သာစေပါတယ်။ အိပ်စက်ခြင်းအတွက်လည်း တကယ့်ကိုအထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် အိပ်ရာဝင်ချိန်မှာ သာယာငြိမ့်ငြောင်းတဲ့ သီချင်းသံစဉ်တွေနားထောင်ပေးပါ။