တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိသူတစ်ယောက်အနေနဲ့ ခန္ဓာကိုယ်က အမွှေးအမျှင်တွေ ရှည်လာပြီဆိုရင် ရိတ်သင်ပေးသင့်တာက အရေးကြီးတဲ့အလုပ်တစ်ခုပါပဲ။

ခန္ဓာကိုယ်က တချို့သောအမွှေးအမျှင်တွေကို ဒီအတိုင်းထားခြင်းက ဘက်တီးရီးယားများ ကပ်ညှိနိုင်တာကြောင့် ဒီအတိုင်းမထားသင့်ပါဘူး။ ပုံမှန်ဖယ်ရှားသင့်ပါတယ်။

ဖယောင်းအသုံးပြုပြီး အမွှေးချွတ်တာပဲဖြစ်ဖြစ်၊ အမွှေးနုတ်ခြင်း၊ ဒါမှမဟုတ် ရိတ်ခြင်း စသည်ဖြင့် မိမိကြိုက်နှစ်သက်ရာ နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။

ထူထဲတဲ့ ခန္ဓာကိုယ်အမွှေးများမရှိတော့တဲ့အခါ ချွေးထွက်နှုန်းလည်း နည်းသွားပြီး ဘက်တီးရီးယားများ ကပ်ညှိနိုင်တော့မှာမဟုတ်ပါဘူး။

မျက်ခုံးမွှေး

တချို့သူတွေအနေနဲ့ မျက်ခုံးမွှေးကို ရိတ်နေစရာမလိုဘူးလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ သင့်ကို ဆွဲဆောင်မှုတိုးစေတာကတော့ ညီညီညာညာပေါက်နေတဲ့ မျက်ခုံးမွှေးတစ်စုံပဲဖြစ်ပါတယ်။ မျက်ခုံးမွှေးကို ဘလိတ်ဓားနဲ့ ရိတ်ပြီး သေချာပုံသွင်းတာပဲဖြစ်ဖြစ်၊ ဇာဂနာနဲ့ နှုတ်တာပဲဖြစ်ဖြစ် ပြုလုပ်ပေးနိုင်ပါတယ်။

ဂျိုင်းမွှေးများ

ချွေးထွက်အများဆုံးနေရာ၊ ဘက်တီးရီးယားတွေ ခိုအောင်းနိုင်မှု အများဆုံးနေရာကတော့ ဂျိုင်းကြားပဲဖြစ်ပါတယ်။ “အခုခေတ်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရင်ပြီးရော ဂျိုင်းမွှေးရှည်လည်း ဘာဖြစ်လဲ” လို့ မတွေးလိုက်ပါနဲ့။ ချွေးထွက်များပြီး ဂျိုင်းချွေးနံ့ မနံချင်ဘူးဆိုရင် ဂျိုင်းမွှေးမှန်မှန်ရိတ်ရပါမယ်။

လက်မွှေးများ

တချို့တွေက လက်မွှေး အများကြီးမပေါက်ကြပေမယ့် တချို့ကျတော့ ထူထူထဲထဲ ပေါက်တတ်ကြပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းဖို့အတွက်သာမက အခုခေတ်ရဲ့ ဖက်ရှင်နဲ့အလှအပပိုင်းက ကြည့်မယ်ဆိုရင်လည်း သပ်ရပ်နေစေဖို့အတွက် လက်မွှေးတွေကိုလည်း စနစ်တကျ ဖယ်ရှားသင့်ပါတယ်။

ခြေသလုံးမွှေးများ

ဘောင်းဘီတိုဝတ်တဲ့အခါ ပါးလျတဲ့ခြေသလုံးမွှေးတွေက ကိစ္စမရှိပေမယ့် ကြမ်းတမ်းထူထဲတဲ့ခြေသလုံးမွှေးတွေက သင့်ရဲ့စတိုင်လ်ကို ကြည့်ရဆိုးစေမှာပါ။

အခုဖော်ပြပေးခဲ့တဲ့ ဂျိုင်းမွှေး၊ လက်မွှေး၊ ခြေသလုံးမွှေး နောက်ပြီး အောက်ပိုင်းတစ်နေရာက အမွှေးအမျှင် စတဲ့နေရာတွေမှာ ရိတ်သင်ပြီးတဲ့အခါ အမွှေးကြမ်းများ ထပ်မပေါက်ဖို့အတွက် ရိတ်သင်ပြီးနောက် အသုံးပြုရတဲ့ ခရင်မ်ကို မဖြစ်မနေအသုံးပြုသင့်ပါတယ်။