တစ်ခုခုဆို တခြားသူတွေ မြင်သလို မမြင်ဘူး။ အာရုံစေ့ဆော်မှုတွေက ပိုပြင်းထန်နက်ရှိုင်းတယ်ဆိုတဲ့ လူတွေကို ‘အထိမခံရွှေပန်းကန်’ ရယ်လို့ အများက ပြောကြပါတယ်။ ဆေးလောကမှာတော့ ဒါကို HSP (Highly Sensitive Person) လို့ သုံးကြတာ ရှိပါတယ်။ တကယ်တော့ တစ်ခုခုဆို အများနဲ့မတူ Sensitive ဖြစ်တာဟာ မျိုးရိုးလိုက်တဲ့ ကိုယ်ရေးကိုယ်သွေးတစ်ခုလည်း ဖြစ်ပါတယ်။

သူတို့အတွေးနဲ့ ခံစားမှုက သာမန်လူတွေနဲ့ မတူလို့ သူတို့ကို Overthinkers တွေလို့လည်း သမုတ်ကြပါတယ်။ ခံစားနိုင်စွမ်းဆိုတာ လူတိုင်းမှာ ရှိတဲ့ ဗီဇစိတ်လို ဖြစ်နေပေမယ့် သူတို့က ပိုလွန်နေတာကြောင့် HSP လို့ ပြောကြတာပါ။ ဒါက မူမမှန်တဲ့ကိစ္စမဟုတ်ပါဘူး။ ကျန်းမာရေးပြဿနာမဟုတ်သလို ၊ ပြောင်းလဲပစ်ရမယ့် ကုသမှုခံယူရမယ့် အခြေအနေလည်း မဟုတ်ပြန်ပါဘူး။

ဒါဟာ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ထူးခြားမှုတစ်ခုပါပဲ။ ဒီလို ကိုယ်ရည်ကိုယ်သွေးပိုင်ရှင်တွေနဲ့ ရည်းစားဖြစ်ရတာ ပုံမှန်ဆက်ဆံမှုမျိုးနဲ့ သွားလို့ မရပါဘူး။ သူတို့ဟာ သာမန်လူတွေထက် ပိုခံစားတတ်ကြတယ် မဟုတ်လား။ တကယ်လို့ သင့်ချစ်သူက HSP ဖြစ်တဲ့လူလားဆိုတာ သိချင်ရင် တကယ်လွယ်ကူသိသာတဲ့ နည်းလေးတွေ ပြောပြချင်ပါတယ်။ ပထမဆုံးအချက်က စိတ်ခံစားလွယ်လွန်းတာပါပဲ။

Emotional ဖြစ်လွန်းတယ်ဆိုတာ တခြားသူခံစားချက်ကို သိပ်အာရုံခံလွန်းတာပါပဲ။ ကောင်းတဲ့ဘက်က ကြည့်ရင် တစ်ဖက်လူရဲ့စိတ်ထဲ ဝင်တွေးတတ်လို့ Emotional Intelligence ကောင်းတယ်လို့ ပြောနိုင်ပါတယ်။ တခြားသူတွေနဲ့ ဆက်ဆံရာမှာ စာနာစိတ်နဲ့ ဆက်ဆံပါတယ်။ ဒီလို လိုက်လိုက်လျောလျောဆက်ဆံလွန်းလို့ လူကြိုက်အောင်နေတဲ့ People Pleaser လို့ သတ်မှတ်ခံရလေ့ရှိပါတယ်။

တစ်ဖက်မှာတော့ သူတို့အတွေးနဲ့ သူတို့ ခံစားမှုတွေ များလွန်းနေတတ်ပြန်ပါတယ်။ HSP သမားတွေက အမြင် ၊ အကြား ၊ အနံ့ ၊ အရသာ ၊ အထိအတွေ့ အာရုံငါးပါးမှာ အနည်းဆုံး တစ်ပါးပါးကို ထက်ထက်မြက်မြက် ခံစားကြတယ်လို့ ဆိုပါတယ်။ တစ်ခါတလေ အာရုံနှစ်မျိုးသုံးမျိုး တပြိုင်တည်း ထူးထူးကဲကဲ လွှမ်းမိုးထားလို့ စိတ်ခံစားချက်တွေက အလွယ်တကူ နောက်ကျိလွယ်တတ်ပြန်ပါတယ်။

အဲ့ဒီလိုလူတွေဟာ သူတို့မှန်းထားသလို ဖြစ်မလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အလွယ်တကူ အပြစ်တင်လွယ် ၊ အထင်သေးလွယ်တတ်ပါတယ်။ သူတို့စိတ်က ခံစားလွယ်တာ ဖြစ်လို့ တစ်ယောက်ယောက်က မကောင်းပြောလာချိန်မှာလည်း တခြားသူတွေကို ဟန်လုပ်ပြီး တင်းခံမထားတတ်ပါဘူး။ ကြေကွဲဝမ်းနည်းလွယ် ၊ စိတ်ဖိစီးပြီး Burnout ဖြစ်လွယ်တတ်ပါတယ်။ ကြင်နာစိတ်ရှိပြီး တခြားသူတွေ စိတ်ချမ်းသာအောင် ထားတတ်ပေမယ့် သူ့ဘာသာသူတော့ သိပ်အဆင်မပြေလှတဲ့ လူမျိုးပေါ့။

ဒီလို HSP ကိုယ်ရည်ကိုယ်သွေးရှိတဲ့ မိန်းကလေးကို ချစ်မိရင် သူ့ကို နားလည်အောင် ကြိုးစားပါ။ HSP ဟာ ပြဿနာမဟုတ်ပါဘူး။ ကောင်းကွက်တွေ အများကြီးရှိတဲ့ စရိုက်သဘာဝတစ်မျိုး မျှသာပဲ ဖြစ်ပါတယ်။