အင်တာဗျူးတစ်ခုကို အောင်အောင်မြင်မြင် ဖြေဆိုချင်ပါသလား။ လူသားတိုင်းကတော့ ကိုယ် လိုချင်တဲ့အလုပ်၊ ရာထူးနေရာကို အောင်အောင်မြင်မြင်နဲ့ ရယူချင်ကြပါတယ်။ ဘယ်လိုအချက်များက အင်တာဗျူးဖြေဆိုအောင်မြင်ဖို့ရန်အတွက် ကူညီပေးနိုင်မလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

အင်တာဗျူးအတွက် အဝတ်အစားများကို သေချာပြင်ဆင်သွားပါ

အင်တာဗျူးသွားတဲ့အခါ သင် ဝတ်ဆင်ရမယ့် အဝတ်အစားများ၊ ရှူးဖိနပ်များကို သေသေချာချာပြင်ဆင်သွားပါ။ အင်္ကျီအဝတ်အစားက တွန့်ကြေနေတာမျိုး၊ အရောင် စွန်းထင်းနေတာမျိုးဖြစ်မနေရပါဘူး။

အင်တာဗျူးသွားဖြေရမယ့်နေရာကို တစ်ရက်ကြိုတင်ကာ သွားလေ့လာထားပါ

အင်တာဗျူးဖြေရမယ့်နေရာက ဘယ်နေရာဖြစ်မလဲ။ ဘာကားစီးရင် ရောက်မလဲ။ ကားလမ်းအခြေအနေက ဘယ်လိုရှိမလဲ စတာတွေကို ကြိုသိနိုင်ဖို့ရန်အတွက် အင်တာဗျူးသွားဖြေရမယ့်နေရာကို တစ်ရက်ကြိုတင်ကာ လေ့လာထားလိုက်ပါ။

နောက်ကျမှ မရောက်ပါစေနဲ့

အင်တာဗျူး ဖြေဆိုမယ့်နေရာကို နောက်ကျမှရောက်တယ်ဆိုရင်တော့ သင့်အလုပ်ရှင်က သင့်ကို သဘောကျမှာ မဟုတ်တော့ပါဘူး။ အစောကြီး ကြိုရောက်နေစရာလည်း မလိုပါဘူး။ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ကြိုရောက်ရင်ပဲ လုံလောက်ပါပြီ။

အင်တာဗျူးမေးမယ့်သူကို နွေးထွေးစွာ ပြုံးပြပါ

အင်တာဗျူးမေးမယ့်သူကို စစချင်းတွေ့လိုက်တာနှင့်တပြိုင်နက် ယုံကြည်ချက်အပြည့်နှင့် နွေးနွေးထွေးထွေး ပြုံးပြလိုက်ပါ။ ထိုကဲ့သို့ နွေးထွေးပျူငှာစွာ ပြုံးပြခြင်းက သင့်ကို အမှတ်တိုးလာအောင် ကူညီပေးနိုင်ပါတယ်။

သင့် ကိုယ်နှုတ်အမူအရာကို သတိထားပါ

အင်တာဗျူးနေစဉ်အတောအတွင်း အင်တာဗျူးမေးမယ့်သူများကို သူငယ်ချင်းလိုမျိုး ရင်းနှီးသယောင် ပြောဆိုဆက်ဆံခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ လက်ပိုက်ထားတဲ့ပုံစံမျိုး၊ တစ်ဖက်လူကို လေးစားမှုမဲ့သယောင် အပြုအမူမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

မိမိရဲ့အကောင်းမြင်စိတ်ကိုသာ ပြသပါ

အင်တာဗျူးမေးခွန်းနဲ့ ပတ်သက်ပြီး ပြန်လည်ဖြေဆိုတဲ့အခါ မိမိမှာ အဆိုးမြင်စိတ် ဘယ်လောက်များများ ရှိနေပါစေ ထိုအဆိုးမြင်စိတ်ကို မဖွင့်ပြမိပါစေနဲ့။ တစ်ဖက်လူက အခြေအနေဘယ်လောက်ပဲ ဖွင့်ပေးနေပါစေ သင့်ရဲ့အကောင်းမြင်စိတ်ဖြင့်သာ ပြန်လည်ဖြေဆိုပါ။ အရင်အလုပ် (သို့) လက်ရှိအလုပ်နှင့် ပတ်သက်၍လည်း မကောင်းမပြောမိပါစေနဲ့။