သင်က ကျောင်းတတ်နေတုန်းမို့ အလုပ်မရှိတာ၊ ဒါမှမဟုတ် အကြောင်းအမျိုးမျိုး ကြောင့် အလုပ်နားထားရတာ ဆိုရင် ဒီအလုပ်မရှိဘူးဆိုတဲ့ အရာက အားငယ်စိတ်ဓာတ်ကျစရာပါပဲ။ ဝင်ငွေမရှိတာကြောင့် ကိုယ့်ကိုယ်ကိုယ် အားမရ ဖြစ်နေနိုင်ပါတယ်။ သင့်အနေနဲ့ စိတ်ရှည်ရှည်နဲ့ သင့်အခွင့်အရေးရလာမယ့် ရက်ကို စောင့်ဆိုင်းကာ သင်လုပ်နိုင်တဲ့ အရာတွေကို ရှာဖွေသင့်ပါတယ်။ ဒီအရာတွေက ဘာတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်-

၁။ အချိန်ဇယားဆွဲပါ

သင်က အလုပ်လက်မဲ့ ဖြစ်နေတဲ့အချိန် ကိုယ့်အချိန်တွေကို မဖြစ်မနေ အချိန် ဇယားဆွဲထားသင့်ပါတယ်။ မဟုတ်ရင် သင့်အချိန်တွေ အလဟဿ ကုန်သွားပါလိမ့်မယ်။ ဘယ်အချိန်မှာ ဘာလုပ်ရမလဲ ဆိုတဲ့ အစီအစဉ်မရှိတာမို့ ဒါက သင့်ကို စိတ်ဓာတ်ကျစေပါလိမ့်မယ်။ သင့်ကိုယ်သင် တန်ဖိုးထားစိတ် လျော့ကျစေပါလိမ့်မယ်။ တစ်ချိန်တည်းမှာ အိပ်ရာဝင်၊ အိပ်ရာထပြီး To-Do List လုပ်ထားသင့်ပါတယ်။

၂။ အပြင်ထွက်ပါ

သင့်အနေနဲ့ ဘယ်မှ မသွားဘဲ အိမ်တွင်း အောင်းနေလိုက်တဲ့အခါ ဒီအရာက သင့်ကို အလုပ်အတင်းရှာဖို့ ဖိအားပေးသလို ဖြစ်စေပါတယ်။ အပြင်ခဏတဖြုတ် ထွက်လိုက်တာက သင့်အာရုံစိုက်မှုကို တိုးတက်စေပြီး လှုပ်လှုပ်ရှားရှား လမ်းလျှောက်လိုက်မယ်ဆိုရင်တော့ သင့်စိတ်အပြောင်းအလဲ ဖြစ်သွားပါလိမ့်မယ်။

၃။ Part Time အလုပ်ရှာပါ

အလုပ်အကိုင် အခွင့်အလမ်းနည်းတဲ့နေရာမှာတော့ Part Time အလုပ်က ရှာဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ အချိန်အနည်းငယ်အတွင်း ငွေနည်းနည်းလောက်ရမယ့် အလုပ်မျိုးဆိုရင်လညး် သင့်အနေနဲ့ လုပ်ကြည့်သင့်ပါတယ်။

၄။ မေးမြန်းပါ

သင့်အနေနဲ့ အလုပ်အင်တာဗျူး ဖြေထားတယ်ဆိုရင် ဒီအလုပ်ဘက်က အကြောင်းမပြန်သေးခင် သင့်ဘက်က ဖုန်းဆက်ပြီး စိတ်ဝင်တစား မေးသင့်ပါတယ်။ အလုပ်ရှင်အများစုက စိတ်အားထက်သန်မှု ရှိသူတွေကို ပိုသဘောကျကြပါတယ်။

၅။ မိတ်ဖွဲ့ပါ

အပြင်ထွက်ပြီး မိတ်ဆွေ အသစ်တွေနဲ့ မတွေ့ရရင်တောင် Social Media ကနေ မိတ်ဆွေတွေနဲ့ ဘာတွေ လုပ်နေလဲ၊ သင့်အတွက် လုပ်စရာ အလုပ်ရနိုင်မလား မေးမြန်းတိုင်ပင်သင့်ပါတယ်။ မိတ်ဆွေ အဆက်အသွယ်တွေရှိထားခြင်းက သင့်အတွက် အကျိုးအမြတ် တစ်ခုပါပဲ။

၆။ သင်တန်းတက်ပါ

သင်က အလုပ်မရှိရင်တောင် သင့်ကျွမ်းကျင်မှုကို အမြဲ အဆင့်မြှင့်နေသင့်ပါတယ်။ ဥပမာ- အင်္ဂလိပ်ဘာသာ မေဂျာ ယူထားသူဆိုရင် အလုပ်မရှိတုန်း အင်္ဂလိပ်စာ သင်တန်းတွေ ရှာဖွေပြီး တက်သင့်ပါတယ်။ သင့်ကျွမ်းကျင်မှုကို အမြဲ ဓားသွေးထားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar