ကိုယ့်ကိုယ်ကိုယ် ကျေနပ်အထင်ကြီးမှု Self-Esteem ဟာ စိတ်ကျေနပ်တဲ့ ဘဝပိုင်ဆိုင်သူတို့မှာ ရှိထားတဲ့ စိတ်အထာဖြစ်ပါတယ်။ လူအများစုအတွက်တော့ ကျေနပ်ပျော်ရွှင်မှုကို အဓိကဖျက်ဆီးတဲ့အရာဟာ သူတပါးနဲ့ နှိုင်းယှဉ်တတ်တဲ့အလေ့ပဲ ဖြစ်လေ့ရှိပါတယ်။

ဒီတော့ ကိုယ့်ကိုယ်ကိုယ် မပျော်နိုင်ဖြစ်နေတယ် ခံစားရရင် ဒီအချက်လေးတွေကို သတိထားသင့်ပါတယ်။

(၁) ကိုယ့်ထက်သာသူကို အာရုံစိုက်တိုင်း မကောင်းပါ

တခြားသူရဲ့ အောင်မြင်မှုကို သွားအားကျနေရုံနဲ့တော့ ဘာမှ ဖြစ်မလာဘူးဆိုတာ မှတ်ထားပါ။ လူတိုင်းဟာ ကိုယ့်လမ်းကြောင်းနဲ့ကိုယ် သွားကြတာပါပဲ။ ဘဝအခြေအနေကလည်း တူနိုင်မှာမှ မဟုတ်တာ။

သူအောင်မြင်တဲ့နည်းအတိုင်း ကိုယ်သွားလို့လည်း ရချင်မှ ရမှာပါ။ တိုးတက်ချင်ရင် သူတပါးပေါ် အာရုံကျခြင်းထက် ကိုယ့်ရှေ့ရေးကို ပိုပြီး အာရုံစိုက်ဖို့က ပိုလိုအပ်တယ်ဆိုတာ အမှတ်ရစေချင်ပါတယ်။

(၂) ကိုယ့်ကိစ္စအတွက် ကိုယ်ပဲ တာဝန်ရှိပါတယ်

အောင်မြင်သည်ဖြစ်စေ ၊ ရှုံးနိမ့်သည်ဖြစ်စေ ကိုယ်သည်သာ ကိုယ့်ရဲ့ တာဝန်ခံဖြစ်ပါတယ်။ လူတိုင်းဟာ ကိုယ့်ဘဝကို လျှောက်လှမ်းနေကြတယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။

ကိုယ်သွားချင်တဲ့ပုံစံကို ရွေးချယ်ဖို့အခွင့်ဟာ ကိုယ့်မှာပဲ ရှိပါတယ်။ ကိုယ့်ဘဝမှာ ကြုံလာမယ့်ကိစ္စတွေအတွက် ကိုယ်ကိုယ်တိုင် တာဝန်ယူရမှာ ဖြစ်လို့ ဘယ်သူနဲ့မှ ကိုယ့်ကိုယ်ကိုယ် ပြန်မယှဉ်မိဖို့ လိုပါတယ်။

(၃) လက်ခံကြည့်စမ်းပါ

ကိုယ်အထင်ကြီး အားကျရတဲ့သူလိုဖြစ်ဖို့ ပုံတူကူးချမယ့်အစား ကိုယ့်ကိုယ်ကိုယ် လက်ခံကြည့်တဲ့အကျင့် လုပ်ပါ။ လေးစားလောက်တဲ့သူတွေဆီက ကောင်းတာတွေ အတုယူဖို့ လိုသလို ကိုယ်ပိုင်လက္ခဏာနဲ့ နေနိုင်ခြင်းဟာလည်း လူ့ဂုဏ်သိက္ခာတစ်ခုပဲဆိုတာ ယုံကြည်ပါ။

လူအများရဲ့ အကြိုက်ပုံစံနောက် လိုက်ပြီး ရောယောင်ပါဝင်နေတဲ့သူ ဖြစ်မယ့်အစား ကိုယ့်ရဲ့ တကယ့်အစစ်အမှန်ပုံစံကို ချပြရဲတဲ့ သတ္တိမွေးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၄) လူတိုင်း ချွတ်ယွင်းမှုတွေ ရှိတာပဲလို့ သိထားပါ

ဘယ်သူမှ မပြည့်စုံကြပါဘူး။ ချမ်းသာ/ရုပ်ချော/ပညာတတ်ပြီး စမတ်ကျပါတယ်ဆိုတဲ့သူတွေမှာလည်း အားနည်းချွတ်ချော်မှုလေးတွေ ရှိတာပါပဲ။ ဒီတော့ ကိုယ့်မှာ တစ်ခုခု အားနည်းချက်တွေ နဲ့ အမှားတွေ လုပ်မိရင် ခွင့်လွှတ်တတ်ပါစေ။ ပိုကောင်းအောင်သာ ကြိုးစားရင်း လက်ရှိပစ္စုပ္ပန်မှာ အကောင်းဆုံးဖြတ်သန်းဖို့က ပိုအရေးကြီးပါတယ်။