အလုပ်ကြိုး‌‌စားခဲ့ပေမယ့် ရာထူးတိုးချိန်မှာ ကိုယ့်ကို အချန်ထားခံရတာမျိုး ဖြစ်ဖူးပါသလား။ ကိုယ်နဲ့ တန်တဲ့ နေရာ မရတာမျိုး ကြုံဖူးတယ်ဆိုရင် ဘယ်လိုမျိုး ဖြေရှင်းလိုက်သလဲ။ ပရိုမိုးရှင်းမှာ ကိုယ့်နာမည်ပါမလာဘူးဆိုရင် လူတိုင်း မခံချင်စိတ်နဲ့ ပေါက်ကွဲချင်ကြတာပါပဲ။ ဒါမျိုး အခြေအနေရောက်ရင် ခဏလောက် အပြင်ထွက်ပြီး လမ်းလျှောက် ၊ အသက်ကို ပြင်းပြင်းရှုပြီး စိတ်ကို ဗလာကျင်းထား သင့်ပါတယ်။ စိတ်ထဲမှာ ငြိမ်သွားပြီဆိုရင် အခုပြောမယ့် အချက်ကလေးတွေ လိုက်နာကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၁) သင့်စွမ်းအင်ကို ထိထိရောက်ရောက် အသုံးချပါ

Photo : Business Insider

ရာထူးတိုးမှာ ကိုယ်မပါတော့ဘူးဆိုရင် ဒေါသစိတ် ၊ မခံချင်စိတ်နဲ့ ပေါက်ကွဲချင်တဲ့ ခံစားမှုတွေ အစုံ ခံစားရမှာပါ။ ဒီခံစားချက်တွေက သင့်ကို အဆိုးစွမ်းအင်အဖြစ် ပြောင်းလဲပြီး ဝါးမျိုတာ မခံရပါစေနဲ့။ ဒါတွေကို အကျိုးရှိရှိ သုံးရမှာပါ။

သင့်ကို တိုးတက်စေမယ့် အရာတစ်ခုကို လုပ်ရတော့မှာပါ။ ပရောဂျက်သစ်တွေနောက် လိုက်ပါ။ အလုပ်ပြီးရင် Gym သွားပါ။ သင့်စိတ်ခံစားချက်ကို သင့်အတွက် အကျိုးရှိမယ့်အရာအဖြစ် ပြောင်းလဲ လိုက်ပါ။

(၂) အမှားကနေ သင်ယူပါ

Photo : Creative Market

ဘာလို့ ရာထူးအတိုးမှာ ကိုယ်မပါတာလဲ။ ရုံးနောက်ကျတတ်လို့လား ၊ ကိစ္စတွေတိုင်းမှာ အထက်လူကြီး ခိုင်းမှ လုပ်တတ်လို့လား ၊ကိုယ့်ကိုယ်ကို ပြန်မေးပြီး ဆန်းစစ်ကြည့်ပါ။

ဘာပဲ ဖြစ်ဖြစ် ဒီအမှားတွေဟာ သင့်ကို တိုးတက်စေမယ့် အခွင့်အရေးပါပဲ။ အတိတ်ကို စွဲလမ်းနေတာဟာ သင့်အတွက် ဘာအကျိုးမှ မရှိပါဘူး။ သင်လုပ်နိုင်တာက အမှားတွေကနေ သင်ကြားရင်း ရှေ့ကို ဆက်လျှောက်ဖို့ပါပဲ။

(၃) တုန့်ပြန်သံကို နားထောင်ပါ

Photo : Ladiestory

တစ်ခြားသူတွေရဲ့ အသံကို နားထောင်ဖို့ လိုပါတယ်။ ကိုယ့်ခံစားချက်ထဲမှာ ဘောင်ပိတ်မိမနေပါစေနဲ့။ ပရိုမိုးရှင်းမှာ ကိုယ့်ကို ချန်ထားခဲ့ဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းရင်းကို ကိုယ့်မန်နေဂျာကို မေးပါ။လူတွေရဲ့ Feedback ဟာ ကိုယ်ပြင်ရမယ့် အချက်တွေလည်း ဖြစ်သလို အရင်က မမြင်ခဲ့တဲ့ ကိုယ့်အားနည်းချက်ကို ပြန်မြင်လာစေပါလိမ့်မယ်။

(၄) ကလေးမဆန်ပါနဲ့

Photo : Fortune

ရာထူးတိုးမှာ ကိုယ်မပါတာနဲ့ပဲ လုပ်ဖော်ကိုင်ဘက်တွေနဲ့ ဆက်ဆံရေးကို မထိခိုက်စေဖို့ လိုပါတယ်။ သူတို့ ရာထူးတိုးသွားလို့လည်း သူတို့အပေါ် ဆက်ဆံမှုကို အရေးမပါသလို မလုပ်သင့်ပါဘူ။ ရာထူးတိုးတဲ့ မိတ်ဆွေတွေကို ဂုဏ်ပြုကြောင်းပြောပါ။ သူတို့ရဲ့ အပြုအမူတွေကနေ သင်ယူပါ။

သင်နားမလည်နိုင်တဲ့ အကြောင်းတစ်ချို့လည်း ရှိနိုင်တယ်လို့ လက်ခံပါ။ တစ်ချို့ အလုပ်တွေမှာ လူချင်းအလျင်းသင့်သူကိုပဲ ရာထူးတိုးပေးတာတွေလည်း ရှိနိုင်ပါတယ်။ အဲဒီလို ပတ်ဝန်းကျင်အတွက် အကောင်းဆုံးက နောက်တစ်နေရာကို ရွှေ့ဖို့ ဆုံးဖြတ်တာပါပဲ။

(၅) အလုပ်သစ်ရှာဖို့ ဆုံးဖြတ်ပါ

Photo : Boston Agent Magazine

ဒါကတော့ နောက်ဆုံးအဆင့်ပါ။ အများကြီး ကြိုးစားခဲ့ပြီး ဘာမှ ဖြစ်မလာတဲ့ အချိန်မှာ လူတိုင်း စိတ်အနာ ဖြစ်သွားတတ်ပါတယ်။ ဒီလို အဖြစ်မခံပါနဲ့။ သင်သာ အရည်အချင်းပြည့်ဝသူဆိုရင် နောက်နေရာတွေ အများကြီးက သင့်ကို တံခါးဖွင့်ထားတယ်ဆိုတာ မမေ့သင့်ပါဘူး။