သင်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို အစပြုခဲ့သူက သင်ပဲဖြစ်သလို၊ ပြီးမြောက်အောင် ပြုလုပ်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ခဲ့တာကလည်း သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် လက်လျော့လိုက်တော့မယ်ဆိုတဲ့အတွေးတွေကို အဝေးဆုံးသာလွှင့်ပစ်လိုက်ပါ။
တကယ်လို့ လက်လျော့ချင်စိတ်ပေါ်လာပြီဆိုရင် အခုဖော်ပြပေးမယ့်အချက်လေးတွေကို သေသေချာချာ လိုက်နာပြုလုပ်ပေးရပါမယ်။
တိကျသေချာတဲ့ Plan တစ်ခု ချက်ချင်းဆွဲလိုက်ပါ။
သင့်ကို တားဆီးပိတ်ပင်နေတဲ့ အဟန့်အတားတွေကတော့ ရှိစမြဲပါပဲ။ ထိုအတားအဆီးတွေကို ဘယ်လိုနည်းဗျူဟာသုံးပြီး ရင်ဆိုင်ကျော်ဖြတ်မလဲ။ အတားအဆီးအကြီးကြီးကို သေးသေးလေးဖြစ်အောင် ခွဲလိုက်ပြီး စနစ်တကျကိုင်တွယ်ဖြေရှင်းမယ်ဆိုရင်တော့ အောင်မြင်နိုင်ပါလိမ့်မယ်။
ကိုယ့်ပတ်ဝန်းကျင်ကို အကောင်းမြင်စိတ်ရှိတဲ့သူတွေနဲ့ လွှမ်းခြုံထားပါ။
အကောင်းမြင်စိတ်ရှိတဲ့သူတွေက သင့်ကို စိတ်ဓာတ်ခွန်အားပေးစွမ်းနေမှာဖြစ်ပြီး သင့်ရဲ့တန်ဖိုးကို မြှင့်တင်ပေးမယ့်သူတွေပဲဖြစ်ပါတယ်။ အဆိုးမြင်စိတ်ရှိတဲ့သူတွေရဲ့ စကားကို နားမယောင်မိဖို့က အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ ဒီနည်းလမ်းကလည်း သင်ကိုယ်တိုင် ပြုလုပ်မှရမှာပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ပြန်လည်သုံးသပ်ပါ။
လက်လျော့ချင်စိတ်ပေါ်လာတဲ့အခါ ကိုယ်ချမှတ်ထားတဲ့ အိပ်မက်ကို မတူညီရဲ့ရှုထောင့်ကနေ ပြောင်းကြည့်လိုက်ပါ။ တခြားရှုထောင့်ကနေ ကြည့်လို့မရဘူးဆိုရင်တော့ ကိုယ့်ကို အကြံဉာဏ်ကောင်းတွေ ပေးနိုင်တဲ့သူတွေထံမှလည်း အကူအညီတောင်းနိုင်ပါသေးတယ်။ သူတို့က သင့်ရဲ့အမှားတွေကို ထောက်ပြပြီး ပြန်လည်ပြုပြင်နိုင်အောင် ကူညီပေးပါလိမ့်မယ်။
အရေအတွက်ထက် အရည်အသွေးကိုသာ အာရုံပြုပါ။
“ငါ ဒီနေ့တော့ အလုပ်တွေ ဘယ်လောက်ပြီးသွားတယ်” ဆိုတဲ့ အရေအတွက်ထက်စာရင် ကိုယ် လုပ်လိုက်တဲ့အလုပ်က အကျိုးရလဒ် ဘယ်လောက်ထိကောင်းမွန်သလဲဆိုတဲ့ အရည်အသွေးကိုသာ အာရုံထားပါ။
ဒါဆိုရင် ကိုယ်က အလုပ်အများကြီး မလုပ်နိုင်ပေမယ့်လည်း လုပ်လိုက်တဲ့ကိစ္စတိုင်းက ကောင်းမွန်နေတာကြောင့် ကိုယ့်ရဲ့ ကြိုးစားချင်စိတ်ကို အမြဲတမ်းတောက်လောင်နေစေဖို့ အကူအညီပေးပါလိမ့်မယ်။