အခုနောက်ပိုင်း အလုပ်လုပ်ကြတဲ့သူတော်တော်များများက ပြတ်တုန်းလပ်တုန်း ၂၃ မဟုတ်တော့ပါဘူး။ လကုန်ပြီး တစ်ပတ်၊ နှစ်ပတ်လောက်ဆို သုံးစရာကို မရှိတော့လောက်အောင် မွဲကိန်းဆိုက်ကြတာ များပါတယ်နော်။ ဒါကြောင့် အခုလို ကုန်ဈေးနှုန်းတွေ မိုးထိလောက်အောင် မြင့်တက်နေတဲ့ခေတ်မှာ ကိုယ်ရှာတဲ့ပိုက်ဆံကို ဘာမှအဖတ်မတင်ပဲ ရှာလိုက် သုံးလိုက်နဲ့ ကုန်နေတာမျိုးမဖြစ်အောင် ပိုက်ဆံကို သေချာလေး စနစ်တကျစီမံတတ်ဖို့ကလည်း အရမ်းလိုအပ်ပါတယ်နော်။

ကဲ..ဒါကြောင့် လမကုန်ခင်ရက်ထဲက မွဲကိန်းဆိုက်ပြီး သုံးစရာမရှိတော့တာမျိုးမဖြစ်ရလေအောင် ဒီအချက်တွေကို ဆင်ခြင်လိုက်နာကျင့်သုံးနိုင်စေဖို့ မျှဝေပေးလိုက်ပါတယ်။

ပိုက်ဆံကို ‌စီမံပိုင်းခြားပြီးမှ သုံးပါ။

လစာထုတ်လာပြီဆိုတာနဲ့ ပိုက်ဆံကို ဘာမှမသုံးခင် တစ်ခုချင်းစီခွဲလိုက်ပါ။ ဥပမာ လစာ ၂ သိန်းခွဲရရင် အိမ်ကို တစ်သိန်းခွဲပေးပြီး ၅ သောင်းကိုစုပါ။ ကျန်တဲ့ ၅ သောင်းကို ကိုယ်သုံးဖို့ဖယ်ထားပါ။ တကယ်လို့ အိမ်ကို တစ်သိန်းပဲပေးမယ်ဆိုရင်လည်း တစ်သိန်းစုပြီး ကိုယ်က ၅ သောင်းပဲသုံးပါ။ ကိုယ့်အတွက် ၅ သောင်းထဲကပဲ လမ်းစရိတ်နဲ့ မုန့်စားဖို့အတွက် ဖယ်လိုက်ပါ။ တကယ်တော့ ဝယ်နေလို့သာ ပိုက်ဆံမလောက်တာပါ။ သေချာစည်းစနစ်နဲ့ လုပ်မယ်ဆိုရင် လောက်ပါတယ်။ လောက်အောင် ချွေတာသုံးတတ်ရင် သူများဆီကလည်း ချေးစရာမလိုပါဘူး။ လမကုန်ခင်မှာလည်း ပိုက်ဆံမပြတ်တော့ဘူးပေါ့။

မဖြစ်မနေလိုအပ်တဲ့ပစ္စည်းမှ ဝယ်ပါ။

မိန်းကလေးတော်တော်များများက လက်ထဲပိုက်ဆံရှိပြီဆိုတာနဲ့ ဟိုဟာဝယ်ချင် ဒီဟာဝယ်ချင်တာတွေ ဖြစ်တတ်ပါတယ်။ အွန်လိုင်းရှော့ပင်းတွေကလည်း မှိုလိုပေါက်နေတာဆိုတော့ ဒါလေးလှလို့ ဝယ်လိုက်၊ ဟိုဟာလေးလှလို့ မှာလိုက်နဲ့ ပိုက်ဆံက ဘယ်တော့မှလောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တစ်ခုခုကိုဝယ်တော့မယ်ဆိုရင် လိုချင်တာလား၊ လိုအပ်တာလားဆိုတာကို သေချာပိုင်းခြားတတ်ပါစေ။

အပြင်ဆိုင်ထိုင်တာတွေကို လျော့ပစ်ပါ။

မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျ်ားလေးပဲဖြစ်ဖြစ် အပျော်အပါးအသောက်အစားတွေကို လျော့မှဖြစ်မှာပါ။ ကလပ်သွားတာ၊ ဘားသွားတာတွေကိုလည်း လျော့ပါ။ သွားနေကျမို့ သွားချင်ပါတယ်ဆိုရင်တောင် ၂ လ တစ်ခါလောက်ပဲ သွားပါလို့ပြောချင်ပါတယ်။ သူငယ်ချင်းတွေနဲ့ လျှောက်သွားတာ၊ မုန့်သွားစားတာတွေကလည်း မသိမသာ ပိုက်ဆံအရမ်းကုန်ပါတယ်နော်။

အမြဲတမ်းမသွားပဲ ၂ ပတ်ခြားတစ်ခါလောက်ပဲ သွားတာပိုကောင်းပါတယ်။ သွားရင်လည်း နာမည်ကြီးဆိုင်တွေ ဈေးကြီးတဲ့ဆိုင်တွေထက် ဈေးနှုန်းသင့်တင့်ပြီး စားကောင်းတဲ့ဆိုင်တွေအများကြီးပါ။ ဒီလိုဆိုင်တွေကိုပဲ သွားမယ်ဆိုရင်တော့ ငွေကုန်လည်း သက်သာစေပါတယ်။

ကဲ..ဒီအချက်လေးတွေကိုသာ လိုက်နာမယ်ဆိုရင်တော့ လမကုန်ခင်ထဲက သုံးစရာမရှိတော့တာမျိုးမဖြစ်တော့ပဲ့နဲ့ လကုန်တဲ့ရက်ထိ ပိုက်ဆံပြတ်မသွားတာကို လက်တွေ့ခံစားရမှာဖြစ်တဲ့အတွက် စမ်းကြည့်လိုက်ပါနော်..