နှုတ်ခမ်းဟာ အင်မတန်နူးညံ့တဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အရေပြားနှင့် ဆံပင်တွေရှိတဲ့ Melanin ခေါ် အမည်းရောင်ဒြပ်တစ်မျိုးဟာ နှုတ်ခမ်းသားမှာမရှိတဲ့အတွက်ကြောင့် နေလောင်ဒဏ်တွေကို ခံနိုင်ရည်မရှိသလို နှုတ်ခမ်းကိုတံတွေးဆွတ်ခြင်းအားဖြင့် သူတို့ရဲ့အပေါ်ယံအလွှာကို ဖျက်ဆီးပစ်နိုင်ပါတယ်။

မိန်းကလေးတစ်ယောက်အတွက် အင်မတန်အရေးကြီးတဲ့ နှုတ်ခမ်းသားလေးတွေ ခြောက်သွေ့မည်းညစ်နေရင် အသွင်အပြင်ကိုပါ ကြည့်ရဆိုးစေနိုင်လို့ လှပတဲ့အပြုံးပန်းလေးတစ်ပွင့်ကို ပန်ဆင်နိုင်ဖို့ ဘာတွေရှောင်ပြီး ဘာတွေဆောင်ရမလဲဆိုတာ အခုပဲကြည့်လိုက်ရအောင်ပါ။

ရှောင်ရန် – Matte နှုတ်ခမ်းနီတွေကိုရှောင်ပါ

Matte နှုတ်ခမ်းနီတွေက မိန်းကလေးတွေလူကြိုက်များကြတာမှန်ပေမယ့်လည်း နှုတ်ခမ်းသားကို ခြောက်သွေ့စေပါတယ်။ ဒါကြောင့် အလှအပနဲ့ ပတ်သက်လို့ ပြန်လည်ဝေမျှပေးကြတဲ့ Blogger တွေတောင်မှ Matte နှုတ်ခမ်းနီတွေကို အသုံးပြုပြပြီးတိုင်းမှာ သူတို့ရဲ့နှုတ်ခမ်းသားကို ပြန်ပြီးထိန်းသိမ်းမှုတွေ ပြုလုပ်ကြပါတယ်။

ဆောင်ရန် – Lip Scrub ပြုလုပ်ပါ

ချေးချွတ်ခြင်းအားဖြင့် ကျန်းမာလှပတဲ့ နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်စေနိုင်ပေမယ့်လည်း ချေးချွတ်တဲ့အခါမှာ သဘာဝနည်းလမ်းလေးတွေကိုပဲ အသုံးပြုဖို့ အရေးကြီးပါတယ်။ အပြင်မှာဝယ်မယ်ဆိုရင်လည်း ပါဝင်ပစ္စည်းစာရင်းကို သေချာစစ်ဖို့လိုအပ်သလို အိမ်မှာပဲ ကိုယ်တိုင်လည်း ပြုလုပ်နိုင်ပါတယ်။

ဆောင်ရန် – အတွင်းအပြင် အစိုဓာတ်ထိန်းသိမ်းပါ

အသားအရေနဲ့ ခန္ဓာကိုယ်အတွင်းမှာ ရေဓာတ်လျော့နည်းနေပြီဆိုပါက နှုတ်ခမ်းသားတွေ ခြောက်သွေ့အက်ကွဲပြီး ကြည့်ရဆိုးလာနိုင်တာကြောင့် နေ့စဉ် ရေများများသောက်သုံးပေးပြီး Moisturizer တွေကို အသုံးပြုပေးပါ။

ဆောင်ရန် – သခွားသီးကပ်ပါ

သခွားသီးတွေက မျက်နှာအသားအရေအတွက်သာ အသုံးဝင်တာမဟုတ်ဘဲ နှုတ်ခမ်းသားအတွက်လည်း အစွမ်းထက်တဲ့ သဘာဝပစ္စည်း တစ်မျိုး ဖြစ်ပါတယ်။ သခွားသီးကိုပါးပါးလှီးပြီး သို့မဟုတ် သခွားသီးအနှစ်ကို နှုတ်ခမ်းမှာ ၅ မိနစ်မှ ၁၀ မိနစ်အထိ ကပ်ပေး၊ တင်ထားပေးမယ်ဆိုရင် နှုတ်ခမ်းသားလေးကို စိုပြေလာစေမှာဖြစ်ပါတယ်။

ရှောင်ရန် – အက်စစ်ဓာတ်များတဲ့ အစားအစာများနဲ့ အပူအစပ်တွေမစားပါနဲ့

အက်စစ်ဓာတ်နဲ့ အပူအစပ်တွေပါတဲ့ အစားအသောက်တွေကို စားသုံးခြင်းက နှုတ်ခမ်းရဲ့အပေါ်ယံကာကွယ်အလွှာကို ပျက်စီးသွားစေနိုင်တာကြောင့် ခြောက်သွေ့အက်ကွဲတဲ့ နှုတ်ခမ်းတစ်စုံကို မပိုင်ဆိုင်ချင်ဘူးဆိုပါက ဒီလိုအစားအစာတွေကို ရှောင်ကြဉ်လိုက်ပါ။