လူတိုင်းက ဆွဲဆောင်မှုရှိတယ် လို့ အပြောခံရတာကို အတော်သဘောတွေ့တတ်ကြပါတယ်။ ရုပ်ချောတာနဲ့ ဆွဲဆောင်မှုရှိတာမတူပါဘူး။ သာမန်ရုပ်ရည်ရှိတဲ့သူတွေတောင် ဆွဲဆောင်မှုရှိနေရင် လူအများကြား ထင်းကနဲဖြစ်ပြီး ပေါ်လွင်နေတတ်ပါတယ်။

ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက်ဖြစ်ဖို့ ဘာတွေလုပ်ရမလဲ။

သွားဖြူဖြူလေးတွေ

လူတွေတစ်ယောက်နဲ့တစ်ယောက်တွေ့ကြတဲ့အခါ ပြောဆိုဆက်ဆံကြတဲ့အခါ နှုတ်ဆက်တဲ့အခါမှာ စကားလုံးတွေထွက်ကျလာတတ်တဲ့ နှုတ်ခမ်းလေးကို အရင်ဆုံးသတိထားမိတာပါ။ ပထမဆုံးတွေ့ဆုံချိန်မှာသာ ဖြူဖွေးတောက်လက်နေတဲ့ သွားလေးတွေကို ပိုင်ဆိုင်ထားမယ်ဆိုရင် သင်ဟာ သူတို့ရဲ့အမှတ်ပေးစာရင်းထဲ တစ်ပြေးနေမှာပါပဲ။ သွားဖြူဖြူလေးတွေက သင့်ကို ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက်ဖြစ်စေတဲ့ ပထမဆုံးအချက်ပါ။

ဆံပင်စတိုင်

ဖိုသီဖတ်သီ ဆံပင်ပုံစံကတော့ လူအများကြားမှာ နှာခေါင်းရှုံ့စရာပုံစံတစ်ခုအဖြစ် ထင်ရှားသွားနိုင်ပါတယ်။ ဒီတော့   သေသေသပ်သပ်နဲ့ ကိုယ်ပိုင်စတိုင်ဟန်လေးရှိနေတဲ့ ဆံပင်ပုံစံကလည်း သင့်ကို လူကြားထဲ ထင်းကနဲ ပေါ်လွင်စေပြီး လူအများသတိထားမိစေတဲ့ အချက်ပါပဲ။

ကြည်လင်ဝင်းပတဲ့အသားအရည်

လူကြားထဲမှာ ထင်းကနဲ ပေါ်လွင်နေစေဖို့ နောက်ထပ်အရေးကြီးတာကတော့ အသားအရေပါ။ လူကြားထဲ ထင်းကနဲ ဖြစ်နေချင်တယ်ဆိုရင်တော့ မွဲခြောက်ခြောက်အသားအရေမျိုးဖြစ်မနေအောင်တော့ အထူးဂရုစိုက်ထိန်းသိမ်းရပါလိမ့်မယ်။

အမွှေးရနံ့

သင့်နံဘေးကို ဖြတ်လျှောက်လိုက်တာပဲဖြစ်ဖြစ် သင်နဲ့အတူ အလုပ်တွဲလုပ်ကိုင်နေတာပဲဖြစ်ဖြစ် သင့်ဆီက ရနံ့တစ်ခုရရှိနေတယ်ဆိုရင်လည်း  ဒါဟာ သင့်ရဲ့ စွဲဆောင်နိုင်စွမ်းထဲကတစ်ခုလို့ပဲ ပြောပါရစေ။ အမွှေးရနံ့ဟာ လူတွေရဲ့ အာရုံကို ဖမ်းစားညှို့ယူနိုင်စွမ်းရှိတယ်ဆိုတာ မေ့ထားလို့ မရပါဘူး။

နှုတ်ခမ်းနီရဲရဲလေး

ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက်ရဲ့ နှုတ်ခမ်းလေးကလည်း အရေးကြီးပါတယ်။ အထက်မှာပြောခဲ့သလိုပဲ လူတွေက တွေ့ဆုံစကားပြောချိန်မှာ ပထမဆုံးသတိထားမိတာက စကားလုံးတွေထွက်ကြလာတဲ့ နှုတ်ခမ်းလေးကို ဆိုတော့ ဆွဲဆောင်မှုရှိသူတစ်ယောက်အနေနဲ့ ဆွဲဆောင်ညှို့ယူနိုင်တဲ့ နှုတ်ခမ်းနီရဲရဲလေးတစ်တောင့်တော့ လိုအပ်ပါတယ်။

အနီရောင်ဝတ်စုံလေးတစ်စုံ

အနီက တကယ်တော့ လူ့စိတ်ကို ညှို့ယူနိုင်စွမ်းရှိပါတယ်။ အနီရဲရဲကလေးဆင်မြန်းထားတဲ့ သင်ဟာ လူအများကြားမှာ ထင်းကနဲပေါ်လွင်နေမှာသေချာပါတယ်။ ဒါကြောင့် သင့်ရဲ့ အဝတ်ဗီရိုထဲမှာ အနီရောင်ဝတ်စုံတချို့ ရှိနေဖို့တော့ လိုပါတယ်။

တမူကွဲပြားနေတဲ့ ကိုယ်ပိုင်စတိုင်

လူတိုင်းမှာ ကိုယ်ပိုင်စတိုင်အသီးသီးရှိကြပါတယ်။ တမင်လုပ်ယူထားတာမျိုးမဟုတ်ဘဲ ချစ်စရာကောင်းနေတဲ့ ကိုယ်ပိုင်ဟန်မူယာလေးတွေကလည်း သင့်ကို ဆွဲဆောင်မှုရှိနေစေတဲ့ အဓိကအချက်ကလေးတွေပါပဲ။

လွယ်ကူရိုးရှင်းပြီး  လူတိုင်း လုပ်လို့ရတဲ့ နည်းလမ်းလေးတွေ ဝေမျှလိုက်ပါတယ်။ လူတကာကြား ထင်းကနဲလှတဲ့ အလှတရားပိုင်ဆိုင်သူ ဆွဲဆောင်ညှို့ယူနိုင်စွမ်းရှိတဲ့ပျိုမေတွေအဖြစ် နေ့ရက်တိုင်းကို ယုံကြည်မှုရှိရှိ ဖြတ်သန်းနိုင်ကြပါစေ။