အချစ်က ထူးဆန်းတယ်။ ချစ်သူနှစ်ဦးဘဝမှာ ချစ်ပါတယ် ဘယ်လောက်ပြောပြော ၊ သစ္စာတွေ ဘယ်လောက်ထားထား အကြောင်းတရား တိုက်ဆိုင်ရင်တော့ နေလာနှင်းပျောက်သလိုမျိုး မျှော်လင့်ထားတဲ့ ချစ်အိပ်မက်တွေ ပျောက်ပျက်သွားတတ်ပါတယ်။

တကယ်မကွဲဘဲ ဆုပ်ထားတဲ့ လက်နှစ်စုံမြဲဖို့ဆိုတာ တကယ့် ရှားတောင့်ရှားပါး ဖြစ်ရပ်ပါ။ တစ်သက်လုံး မြဲသွားတဲ့ အချစ်ဆိုတာ ဒီအချက်တွေထဲက တစ်ချက်ချက်နဲ့တော့ တိုက်ဆိုင်တတ်ပါတယ်။

နားလည်မှုမရှိခြင်းဟာ အချစ်အိမ်ထဲ ချိန်ကိုက်ဗုံးတစ်လုံး ထည့်ထားသလိုပါ။ အချိန်မရွေး ပြိုလဲပျက်စီးဖို့ အသင့်ဖြစ်နေတတ်ပါတယ်။ လူတစ်ယောက်ကို ချစ်တယ်ဆိုတာ သူ့ပြဿနာတွေကိုပါ ချစ်လိုက်ရတာပါ။ သူရောကိုယ်ရော အမှားတွေ ရှိခဲ့မယ် ၊ ပြဿနာတွေ ရှိခဲ့မယ်။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် ခွင့်လွှတ်တဲ့ စုံတွဲတွေက မြဲမြံတဲ့ အချစ်ကို ပိုင်ဆိုင်တတ်ပါတယ်။

အချစ်ဆိုတာ အခက်အခဲတွေကြားကနေ ရှင်သန်တတ်ပါတယ်။ ပြဿနာကြီးတွေကို အတူရင်ဆိုင်ဖြေရှင်းခဲ့ဖူးသူတွေဟာ ဘဝမှာ အခိုင်မြဲဆုံး လက်တွဲဖော်တွေ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ ကိုယ်သိပ်မချစ်မိသလို ချစ်မိသလို ဖြစ်နေတဲ့သူက ကိုယ်နဲ့အတူ ဘဝပြဿနာတွေကို ရဲဘော်ရဲဘက်လို အနားက ရင်ဆိုင်ပေးခဲ့ချိန်မှာ အချစ်စစ်ကို မြင်တတ်တဲ့အဖြစ်တွေလည်း ရှိပါတယ်။

ယုံကြည်မှုဟာ ရေရှည်လက်တွဲဖို့အတွက် အရေးပါဆုံး အစိတ်အပိုင်းတစ်ခုပါ။ ယုံကြည်မှုမရှိတဲ့ ချစ်သူနှစ်ဦးဟာ ဘယ်လောက်ကြာကြာ အတူရှိနိုင်မှာမို့လဲ။ အတူတူ မျှော်လင့်ထားတဲ့ အနာဂါတ်တစ်ခုရှိမယ် တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းဆက်နွယ်မှုလည်း ရှိမယ်ဆိုရင် ဒီစုံတွဲလည်း မြဲတတ်ပါတယ်။ တန်ဖိုးထားတာချင်းလည်း တူသလို ရည်မှန်းချက်ပန်းတိုင်လည်း တူတဲ့အချစ်ဟာ စိတ်ချမ်းသာစရာပါ။ ဘဝကလည်း မျှော်လင့်ချက်ရှိတဲ့ ဘဝဖြစ်လေတော့ နေ့တိုင်းက ပျင်းစရာရှိမှာ မဟုတ်ပါဘူး။

ထူးဆန်းတာက အသည်းကွဲဖူးတဲ့ သူအချင်းချင်း ချစ်သူဖြစ်ရင် မြဲတတ်တာပါ။ အမြဲတမ်းမှန်တာမျိုး မဟုတ်ပေမယ့် လူတိုင်းဟာ သူတို့ရဲ့ မလှပတဲ့ အတိတ်ကိုယ်စီကို လက်ခံသူကို နှစ်သက်ကြပါတယ်။ သူတို့အချင်းချင်းလည်း အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ဆက်ဆံလို့ရတဲ့ ဆက်ဆံရေးဖြစ်လေတော့ ဘာကိုမှ ကြောက်စရာမလိုဘဲ လွတ်လပ်စေတာကြောင့် ဒီအချစ်ရေးမျိုးကလည်း မြဲတတ်ပါတယ်။