ဖက်ရှင်ရှင်ကျကျ ဝတ်စားတတ်ခြင်းက ဆွဲဆောင်မှုရှိစေဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဝတ်ပုံစားပုံက လူတစ်ယောက်ရဲ့အသွင်ပြင်ကို များစွာပြောင်းလဲပေးနိုင်သလို ကိုယ်ရည်ကိုယ်သွေး မြင့်တက်စေမယ့် အခြေခံအချက်တစ်ခုလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ဖက်ရှင်ကျကျ ဝတ်စားတတ်အောင် ဘာတွေသိထားသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) တစ်ပွဲတိုးဖက်ရှင်တွေရှောင်ပါ

အဝတ်အစားဝယ်ယူတဲ့အခါ စဉ်းစားဖို့လိုတဲ့အချက်က ကိုယ်နဲ့ကိုက်ညီမှုရှိဖို့နဲ့ နေ့စဉ် အလဲအလှဲလုပ်ဝတ်နိုင်မယ့် ဖက်ရှင်မျိုးကို ဦးစားပေးရွေးချယ်ဖို့ပါပဲ။ တစ်ပွဲတိုးအဝတ်အစားတွေက တစ်ခါဝတ်ပြီး ချောင်ထိုးထားရမှာပါ။ ဒါကြောင့် ရိုးရိုးရှင်းရှင်းနဲ့ နေ့တိုင်းဝတ်လို့ရနိုင်မယ့် ဖက်ရှင်မျိုးတွေကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

(၂) ဆိုဒ်မှန်ကန်မှုရှိပါစေ

အများစု ဖက်ရှင်နဲ့ ပတ်သတ်ရင် မှားမိကြတဲ့ ယေဘုယျအမှားတစ်ခုက ဖက်ရှင်တွေ ရွေးချယ်ကြတဲ့အခါ ဒီဇိုင်းနဲ့ ပုံစံလှရင်ပြီးရော ကိုယ်ဘော်ဒီနဲ့ Fit ဖြစ်မဖြစ်ကို သိပ်ပြီး မစဉ်းစားကြတာပါပဲ။

အဝတ်အစားတစ်ခုက ကိုယ့်ဘော်ဒီနဲ့ ကျပ်လွန်း/ပွလွန်းနေရင် ကြည့်လို့အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် ခန္ဓာကိုယ်နဲ့ ကိုက်ညီမှုရှိတဲ့ ဆိုဒ်အမှန်ကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

(၃) လျော့ဈေးနောက်မလိုက်ပါနဲ့

နာမည်ကြီး Brand တွေက လူကြိုက်များတဲ့အတွက် လျော့ဈေးချတဲ့အခါ ကြိတ်ကြိတ်တိုး ဝယ်ကြတာမျိုး တွေ့ဖူးကြမှာပါ။ တစ်ခုသိထားရမှာက ဘယ်လောက်ပဲ နာမည်ကြီး အမှတ်တံဆိပ်တစ်ခုဖြစ်နေပါစေ ၊ ပုံမှန်ထက်ဈေးသက်သာနေပါစေ ကိုယ်နဲ့ကိုက်ညီမှုမရှိဘူး မလိုက်ဘူးဆို အလကားပါပဲ။

(၄) ပုံစံပြောင်းပါ

ဖက်ရှင်ပုံစံတစ်မျိုးတည်းကိုပဲ စွဲစွဲမြဲမြဲဝတ်ဆင်တာက သင့်ရဲ့ဖက်ရှင်ကို ပုံစံခွက်ကြီးတစ်ခုထဲမှာထည့်ထားတာနဲ့ တူပါတယ်။ အမြဲပဲ ဖက်ရှင်ကျနေချင်တယ်ဆိုရင်တော့ မတူညီတဲ့ တခြားသော ဖက်ရှင်ပုံစံတွေကို အလဲအလှယ်လုပ် ဝတ်သင့်တာပေါ့။

လတ်တလောမှာ ဘယ်လိုဖက်ရှင်တွေ ရေပန်းစားနေလဲဆိုတာလေ့လာပါ။ ဖက်ရှင်အကြောင်းကျွမ်းကျင်တဲ့ သူငယ်ချင်းတွေကို မေးမြန်းပါ။