ဘီယာကို တစ်ခါတစ်လေလောက်သာ သောက်တတ်တဲ့သူတွေအတွက် ပြဿနာမရှိပေမယ့် ဘီယာကိုအမြဲလိုလို သောက်သုံးလာမိမယ်ဆိုရင်တော့ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် အများပြောကြတဲ့ ဘီယာဗိုက်ပိုင်ရှင် ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့်ဒီနေ့မှာတော့ ဘီယာကြောင့် ‌ဗိုက်ပူပြီးကြည့်ရဆိုးတဲ့ ဘီယာဗိုက်ပိုင်ရှင်မဖြစ်စေဖို့ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) အဆီနည်းတဲ့ အမြည်းစားပါ

ဘီယာတစ်ခုတည်းက သင့်ကိုဗိုက်ပူလာစေတာ မဟုတ်ဘူးဆိုတာ သတိပြုသင့်ပါတယ်။ အများစုကတော့ ဘီယာသောက်တဲ့အခါ အကြော်အလှော်တွေ အကင်တွေနဲ့ အဆီအစိမ့်လို့ အမြည်းတွေနဲ့ တွဲဖက်သောက်သုံးလေ့ရှိပါတယ်။

ဒါဟာ သင့်ကို ဗိုက်ပိုပူလာစေတဲ့ အဓိက အကြောင်းအရင်းတစ်ရပ်ပါ။ ဒါကြောင့် ဘီယာသောက်မယ်ဆိုရင်တောင် တက်နိုင်သလောက် ကယ်လိုရီပါဝင်မှုနည်းတဲ့အသီးအနှံတွေ အဆီနည်းတဲ့ အသီးအရွက်ဟင်းလျာတွေနဲ့သာ တွဲဖက်စားသုံးသင့်ပါတယ်။

(၂) လေ့ကျင့်ခန်းလုပ်ပါ

ဘီယာကိုလည်း မစွန့်လွှတ်နိုင်ဘူး လေ့ကျင့်ခန်းလည်းမလုပ်ချင်ဘူးဆိုရင်တော့ သေချာပေါက်ဗိုက်ပူခါးတုတ်တဲ့ ခန္ဓာကိုယ်ဖြစ်လာမှာပါ။

ဘီယာမှာ ကယ်လိုရီပါဝင်မှုလည်း များတာကြောင့် ဘီယာသောက်မိနေသေးတယ်ဆိုရင် ကယ်လိုရီများများ လောင်ကျွမ်းစေမယ့် လေ့ကျင့်ခန်းတွေကိုလည်း လုပ်ပေးဖို့လိုပါလိမ့်မယ်။

လမ်းမြန်မြန်လျောက်တာ ပြေးတာ ရေကူးတာ စက်ဘီးနင်းတာ စသည်ဖြင့် ကယ်လိုရီလောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းတစ်ခုခု လုပ်ပေးပါ။

(၃) ဘီယာလျော့သောက်ပါ

တဖြည်းဖြည်း ပုံမှန်သောက်နေကျ ပမာဏထက်လျော့သောက်သွားဖို့လည်း လိုအပ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တယ် အစားအသောက်ထိန်းတယ်ဆိုပေမယ့် ဘီယာသောက်တဲ့နှုန်း မလျော့ဘူးဆိုရင်လည်း ပူမြဲပူဆဲဖြစ်နေမှာပါ။

ဒါကြောင့်ဘီယာကို သောက်နေကျထက်လျော့ပြီး သောက်ပေးပါ။ ဘီယာအစား ပရိုတင်းရှိတ် ၊ ကော်ဖီနဲ့ တခြားသော လက်ဆတ်တဲ့ အသီးဖျော်ရည်တွေကို အစားထိုးသောက်ပေးနိုင်ပါတယ်။

(၅) အိပ်ရေးဝဝအိပ်ပါ

အိပ်ရေးပျက်ခြင်းက ကိုယ်အလေးချိန်တက်ခြင်းရဲ့ အဓိကတရားခံလို့ ပြောလို့ရပါတယ်။ ညဘက်မအိပ်ဘူးဆိုရင် ညဉ့်နက်ချိန်ဗိုက်ဆာတဲ့ဒဏ်ကိုမခံနိုင်ပဲ သတိလက်လွတ်စားမိတက်ပါတယ်။

ဒါ့အပြင်အိပ်ရေးပျက်တာက ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်စေတာကြောင့် ဝိတ်ပိုတက်စေပါတယ်။ ဘီယာကြိုက်တဲ့သူတွေအနေနဲ့ သောက်ပြီးရင်တောင် အိပ်ရေးဝဝအိပ်စက်အနားယူဖို့ လိုအပ်ပါတယ်နော်။