လူတိုင်းကတစ်နေကုန် အလုပ်တွေသွား၊ကျောင်းတွေသွားနဲ့ဆိုတော့ ညဘက်လေးရောက်ရင် ကောင်းကောင်းတော့ အနားယူချင်ကြတာပေါ့။ ညဘက်မှာကောင်းကောင်း အိပ်ပျော်နိုင်မှလည်း မနက်ပိုင်းတွေမှာအားအင်အသစ်တွေနဲ့ ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။ ညဘက်တွေမှာအိပ်ပျော်ဖို့အတွကဆိုရင် တစ်ချို့တွေသိထားတာက အိပ်ရာဝင်ခါနီးအချိန်တွေမှာ လေ့ကျင့်ခန်းလုပ်တာမျိုးတွေကို လုပ်လေ့ရှိပေမယ့် ဒီတစ်ခါမှာတော့ မနက်ပိုင်းမှာထဲက အိပ်ရာဝင်ခါနီးအချိန်တွေထိ ဒီအချက်တွေကို လုပ်ပေးမယ်ဆိုရင်တော့ သင့်ကိုနှစ်ခြိုက်စွာအိပ်ပျော်စေနိုင်မှာပါ။

Alarm ပေးပြီးအိပ်ယာထတဲ့အကျင့်ကိုဖျောက်ပါ

တော်တော်များများမှားယွင်းနေကြတဲ့ အချက်ကတော့ Alarm နဲ့အိပ်ယာထတာပဲဖြစ်ပါတယ်။ မနက်ပိုင်းမှာအိပ်ယာထတာကို Alarm သံနဲ့နိုးထတာက သင့်ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို စိတ်ရှုပ်စရာတွေနဲ့ နိုးထလာစေတာတတ်ပါတယ်။ ဒါကြောင့် သင်ပုံမှန်ထနေကျ အချိန်မှာနိုးအောင် အကျင့်လုပ်ပြီးနေထိုင်တာက အကောင်းဆုံးဖြစ်တာကြောင့် ကြိုးစားပြီးလုပ်ကြည့်ပါနော်။

အိပ်ယာကနေနိုးလာတာနဲ့ ကော်ဖီသောက်တာ

ဒါကလည်းတော်တော်များများစွဲနေတဲ့ အကျင့်တစ်ခုလိုပါပဲ။ မနက်ခင်းမှာ အိပ်ယာကနေနိုးလာတာနဲ့ ကော်ဖီလေးတစ်ခွက်လောက် သောက်ရမှာကျေနပ်နေတဲ့သူတွေလည်း ဆင်ခြင်သင့်ပြီလို့ထင်ပါတယ်။ မနက်ခင်းမှာအင်အားတွေ ကောင်းစွာရရှိဖို့ ကဖင်းဓာတ်ကအနှောက်အယှက် ပေးလိုက်နိုင်တာကြောင့် သင့်ကိုပင်ပန်းနွမ်းနယ်နေစေပါတယ်နော်။ ဒါကြောင့် အိပ်ယာနိုးပြီး ၃ နာရီလောက်ကြာမှ ကော်ဖီသောက်ပေးတာက ပိုပြီးတော့သင့်တော်ပါတယ်နော်။

မနက်စာကောင်းကောင်းစားပေးပါ

မနက်ပိုင်းမှာသင်ဘယ်လောက်ပဲ အလုပ်တွေရှုပ်နေပါစေ မနက်စာစားဖို့ကိုတော့ မဖြစ်မနေအချိန်ပေးသင့်ပါတယ်။ မနက်ပိုင်းမှာလိုအပ်တဲ့ အာဟာရဓာတ်တွေ သင့်ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားဖို့အတွက်ဆိုရင် မနက်စာကိုလည်း အာဟာရတွေပြည့်ဝနေအောင် စားပေးမှရမယ်နော်။ ဒါမှလည်းညဘက်တွေမှာ ကောင်းကောင်းနှစ်ခြိုက်စွာ အိပ်ပျော်နိုင်မှာပေါ့။

နေ့ခင်းဘက်မှာခဏအိပ်တာမျိုးတွေ

နေ့ခင်းဘက်မှာ ခဏတစ်ဖြုတ်အိပ်တယ်ဆိုတာ ကောင်းတယ်ဆိုပေမယ့်လည်း ညဘက်တွေမှာတော့ သင့်ရဲ့နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်မှုတွေကိုတော့ အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် နေ့ခင်းဘက်တွေမှာ ခဏအိပ်တာတွေကို ဆင်ခြင်သင့်ပါတယ်။ သင့်ကညဘက်တွေမှာ နှစ်ခြိုက်စွာအိပ်ပျော်တတ်တဲ့သူဆိုရင်တော့ ကိစ္စမရှိပေမယ့် ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်ဖို့ အခက်အခဲရှိနေတယ်ဆိုရင်တော့ ဒီအချက်ကိုလည်းမှတ်ထားဖို့လိုမယ်နော်။

ညစာကိုလည်းပေါ့ပေါ့ပါးပါးပဲစားပါ

ညစာကိုပေါ့ပေါ့ပါးပါးပဲ စားပါဆိုတာကအိပ်ရာဝင်ခါနီးအချိန်မှ အစားတွေအများကြီးစားလိုက်မယ်ဆိုရင် အစာချေစနစ်ကို အနှောက်အယှက်ဖြစ်စေပြီး သင့်ကိုညဘက်အိပ်ပျော်မှုကိုလည်း နှောင့်နှေးသွားစေနိုင်ပါတယ်။

အိပ်ယာဝင်ခါနီးမှာတရားထိုင်ပေးပါ

အိပ်ယာဝင်ခါနီးအချိန်မှာ အချိန်ခဏလောက်ပေးပြီး တရားထိုင်ပေးမယ်ဆိုရင်လည်း သင့်စိတ်တွေကိုတည်ငြိမ်ပေါ့ပါးစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာပဲဖြစ်ပါတယ်။ တရားထိုင်တဲ့အခါမှာလည်း သင့်ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေဖို့လည်း လိုအပ်ပါတယ်။

ဒီအချက်တွေကိုကောင်းကောင်းလိုက်နာနိုင်မှ ညဘက်တွေကိုကောင်းကောင်း အိပ်ပျော်နိုင်ပြီး မနက်ခင်းတိုင်းမှာလည်း လန်းဆန်းတက်ကြွနိုင်မှာပဲဖြစ်ပါတယ်။

Photo Source: Pexels