လမ်းခွဲပြီးတဲ့ ရည်းစားဟောင်းကို မေ့မရနိုင်လို့ အခွင့်အရေး နောက်တစ်ကြိမ်လောက် ထပ်လိုချင်သေးပါသလား။ အခုဖော်ပြပေးမယ့် အချက်များနဲ့ နောက်ထပ်အခွင့်အရေးတစ်ကြိမ်လောက် ရရှိနိုင်ပါသေးတယ်။

ကိုယ်က သူ့ကို ချစ်နေသေးတယ်ဆိုတာ သေချာနေပါစေ

သင်က အထီးကျန်နေရုံတစ်ခုတည်းကြောင့် သူနဲ့ ပြန်တွဲချင်နေတာလား။ ဒါမှမဟုတ် သူ့ကို အမှန်တကယ်ချစ်သေးတဲ့အတွက်ကြောင့် သူနဲ့ ပြန်တွဲချင်နေသလားဆိုတာကို သေသေချာချာ ခွဲခြားသိဖို့ လိုအပ်ပါတယ်။

ပထမအကြောင်းပြချက်ကြောင့်ဆိုရင်တော့ သူ့ကို နောက်တစ်ကြိမ် ဝေဒနာထပ်မပေးပါနဲ့တော့။ သင့်အတွက်ရော သူ့အတွက်ပါ မကောင်းပါဘူး။ ဒုတိယအကြောင်းပြချက်ကြောင့်ဆိုရင်တော့ သင့်ရဲ့စိတ်ရင်းအမှန်ကို သူသိအောင် ဖော်ပြပေးဖို့လိုအပ်ပါတယ်။

တောင်းပန်ပါ

သင်တို့ လမ်းခွဲလိုက်ရတဲ့ အကြောင်းအရင်းက ဘာ့ကြောင့်များလဲ။ သင့်အမှားကြောင့်လား။ သူ့အမှားကြောင့်လား။ သူ့ကို ချစ်သေးတယ်။ ပြန်လက်တွဲချင်သေးတယ်ဆိုရင်တော့ သင့်ရဲ့မာနကို စွန့်လွှတ်ထားမှ တော်ရာကျပါလိမ့်မယ်။ သမီးရည်းစားဆက်ဆံရေးတစ်ခုမှ ပိုချစ်ရတဲ့သူက ပိုရှုံးရတဲ့သူပဲမဟုတ်လား။

အချိန်တစ်ခုစောင့်ပါ

သူ့ကို ပြန်လည်ပိုင်ဆိုင်ဖို့ဆိုတာ သူ့ကို လိုချင်တဲ့ လက်ဆောင်ဝယ်ပေးလိုက်ရုံနဲ့ မရပါဘူး။ သင့်ရဲ့စိတ်အာရုံ၊ သင့်ရဲ့အချိန်တွေကို သူ့အတွက် ပေးထားရမှာဖြစ်ပြီး သင့်ရဲ့စိတ်ရှည်သည်းခံတတ်မှုကိုလည်း ပြသဖို့လိုအပ်ပါတယ်။ ဒါမှ သင့်ရဲ့စိတ်ရင်းအမှန်ကို သူ မြင်မှာပါ။

သူက တခြားတစ်ယောက်နဲ့ တွဲနေတယ်ဆိုရင်ရော

သူက ရည်းစားအသစ်ရနေပြီဆိုရင်ရော သင် ဘယ်လိုလုပ်ဖို့ စိတ်ကူးရှိပါသလဲ။ သင်သာ သူကို တကယ်စဉ်းစားပေးတယ်ဆိုရင်၊ သူ ပျော်နေတာကို မြင်ရရုံနဲ့ ကျေနပ်နေတယ်ဆိုရင်တော့ ထိုအတိုင်းပဲ ထားလိုက်ပါ။ သူရဲ့ ပျော်ရွှင်မှုကို မဖျက်ဆီးသင့်ပါဘူး။

တကယ်လို့သာ သူက ထိုရည်းစားနဲ့ ပြတ်သွားတယ်ဆိုမှသာလျှင် သင် နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်နိုင်ပါတယ်။

အတင်းဖိအားမပေးပါနဲ့

သူ့ကို ပြန်လည်ပိုင်ဆိုင်ဖို့ရန်အတွက်ဆိုရင် အချိန်ရှိသရွေ့ မက်ဆေ့ချ်တွေ တစ်ပုံကြီး ပို့တာမျိုး၊ ဖုန်းကောလ်တွေ အခါပေါင်း မြောက်မြားစွာ ခေါ်ဆိုနေတာမျိုးလည်း မလုပ်ပါနဲ့။ သူ့ကို အချိန်တစ်ခုပေးပါ။ သူ့ကို အတင်းဖိအားမပေးဘဲ လွတ်လွတ်လပ်လပ်ဆုံးဖြတ်ပါစေ။

သဝန်တိုအောင် မလုပ်ပါနဲ့

သူ့ရဲ့ သင့်အပေါ်ထားရှိတဲ့ ခံစားချက်ကို စမ်းသပ်ဖို့ဆိုပြီး တခြားတစ်ယောက်နဲ့ တွဲပြပြီး သူ သဝန်တိုအောင် လုပ်တာမျိုးကိုလည်း ရှောင်ကြဉ်ရပါမယ်။ သူ့ကို သင့်ရဲ့ကောင်းကွက်လေးတွေ မြင်အောင် ပြသပေးရမှာဖြစ်ပါတယ်။ အခြားတစ်ယောက်နဲ့ ဟန်ဆောင်တွဲပြပြီး သူ စိတ်ရှုပ်ထွေးရအောင် မလုပ်ပါနဲ့။