Relationship တစ်ခုမှာ ဖောက်ပြန်ခံရတာလောက် ဆိုးရွားတဲ့နာကျင်ခံစားမှုမျိုး မရှိနိုင်ပါဘူး။ သစ္စာဖောက်ခံရခြင်းနဲ့အတူ ဒေါသစိတ်၊ ရှက်ရွံ့ခြင်းနှင့် အသည်းကွဲဝေဒနာတို့ကို ဆိုးဆိုးရွားရွား ခံစားရစေနိုင်ပါတယ်။

ဖောက်ပြန်ခံရတဲ့အခြေအနေမျိုး ဘယ်သူမှမလိုချင်ပေမယ့် အကယ်၍ သင့်အနေနဲ့ မမျှော်လင့်ပဲ နဖူးတွေ့ဒူးတွေ့ သစ္စာဖောက်ခံလိုက်ရပြီဆိုရင် ဘာတွေဆက်လုပ်သင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့

လူတစ်ယောက် ကိုယ့်အပေါ်ဖောက်ပြန်သွားတာဟာ ကိုယ့်အပြစ်ကြောင့်ပဲလို့ ရာနှုန်းပြည့် တွက်ယူလို့မရပါဘူး။ ဖောက်ပြန်သွားတဲ့ လူတစ်ယောက်က အကြောင်းပြချက်တွေအမျိုးမျိုးပေးကြပေမယ့် အလုံးစုံက ကိုယ့်ရဲ့ လိုအပ်ချက် ၊ ကိုယ့်အပြစ်တွေကြောင့်မဟုတ်ဘူးဆိုတာသေချာပါတယ်။

Relationship တစ်ခုကို တစ်ယောက်တည်းနဲ့ စတင်လို့မရသလို အဆုံးသတ်ချိန်ဟာလည်း တစ်ဦးတစ်ယောက်တည်းပေါ်ပဲ မူတည်နေတာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။

(၂) စိတ်အေးအေး ထားနိုင်အောင် ကြိုးစားပါ

ဖောက်ပြန်ခံရနေပြီဆိုတာ သိလိုက်ရတာနဲ့ ဒေါသစိတ်၊ ရှက်ရွံ့စိတ်တွေနဲ့ ပူထူပြီး ဘာမှမမြင်နိုင်တဲ့ အနေအထားမျိုး ဖြစ်သွားတတ်ပါတယ်။ ဒီလိုအခြေအနေမှာ အရင်ဆုံးလုပ်ရမှာက စိတ်ကိုတည်ငြိမ်အောင် အကောင်းဆုံး ပြန်ကြိုးစားဖို့ပါပဲ။

စိတ်ခံစားချက်တွေ ဆူပွက်နေချိန်မှာ ဆုံးဖြတ်ချက်အမှားတွေ လုပ်ရပ်အမှားတွေလုပ်မိဖို့ ရာခိုင်နှုန်းအများဆုံးဖြစ်တာကြောင့် ပထမဆုံး သင့်စိတ်ကိုတည်ငြိမ်အောင်လုပ်ဖို့ လိုပါလိမ့်မယ်။

(၃) အကြောက်တရားကြောင့် ဆုံးဖြတ်ချက်မချပါနဲ့

တစ်ခါတစ်လေမှာ ဆုံးရှုံးရမှာကြောက်လို့ ၊ နာကျင်ခံစားရမှာကြောက်လို့ ဆိုတဲ့ အကြောက်တရားတွေနဲ့ ကိုယ့်အပေါ်ဖောက်ပြန်သွားတဲ့သူတစ်ယောက်ကို လက်မလွှတ်လိုက်နိုင်တာမျိုး လုပ်မိတတ်ကြပါတယ်။ တကယ်တော့ သင့်နှလုံးသားနဲ့ ကိုက်ညီတဲ့ အရာကို ရွေးချယ်ဆုံးဖြတ်ပြီး ရှေ့ဆက်သင့်လား ၊ လက်လွှတ်လိုက်သင့်လားဆိုတာ စဉ်းစားရမှာပါ။ ကြောက်စိတ်ကိုရှေ့တန်းတင်ပြီး ဆုံးဖြတ်တဲ့အခါ မှားယွင်းတဲ့ဆုံးဖြတ်မှုတွေသာ ပိုပြီးရွေးချယ်နိုင်ခြေများပါတယ်။

(၄) သူငယ်ချင်းကောင်းတွေနဲ့ တိုင်ပင်ပါ

ဒီလိုအခြေအနေမှာ ရင်ဖွင့်ဖော်ရင်ဖွင့်ဘက် တိုင်ပင်ဖော်တိုင်ပင်ဖက် သူငယ်ချင်းကောင်းတွေရဲ့ အကြံဉာဏ်ကို ယူသင့်ပါတယ်။ သူတို့ပြောတဲ့အတိုင်း အတိအကျလိုက်နာဖို့ မလိုပေမယ့် တစ်ခါတစ်လေမှာ ဘောလုံးကွင်းထဲကစားသူထက် ကွင်းပြင်ကကြည့်နေသူက လိုအပ်ချက်တွေကို ပိုမြင်သာမှုရှိတာကြောင့် သင့်ရဲ့ ဇာတ်လမ်းအပြည့်အစုံကို သေချာပွင့်ပွင့်လင်းလင်း ပြောပြတိုင်ပင်လို့ရမယ့် ၊ သင့်ကိုစိတ်ရင်းနဲ့ နားထောင်ပြီး အကြံကောင်းတွေပေးနိုင်မယ့် သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး အကြံလေးတွေတောင်းခံကြည့်ပါ။

(၅) ပွင့်ပွင့်လင်းလင်းမေးမြန်းပါ

သင့်ချစ်သူက သင့်အပေါ်ဘာကြောင့်ဖောက်ပြန်သွားတာလဲဆိုတာကို ကိုယ့်အတွေးနဲ့ကိုယ် တစ်ယောက်တည်း ကောက်ချက်ချနေတာထက် ကာယကံရှင်နှစ်ယောက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်တာက ပိုပြီးကောင်းပါတယ်။ သင်နဲ့ Relationship ကိုတကယ်ပဲ အဆုံးသတ်ချင်လား ၊ နောက်တစ်ယောက်ကိုပဲ ရွေးချယ်မှာလား ၊ ခဏတာ စိတ်သာယာမိလို့ သူ့ဘက်က အမှားကိုဝန်ခံပြီး သင်နဲ့ပြန်လည်တည် ဆောက်ချင်လား စသည်ဖြင့် အဆိုးဆုံးအခြေအနေနဲ့ အကောင်းဆုံးအခြေအနေကို ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုတိုင်ပင်သင့်ပါတယ်။ ဒါမှလည်း သင်အနေနဲ့ ရှေ့ဆက်ပြီး ဘာဆက်လုပ်ရမယ်ဆိုတာ တိတိကျကျသိနိုင်မှာပါ။