ကမ္ဘာပေါ်ရှိ ပထမဦးဆုံးခေါင်းအုံးကို ရှေးဟောင်း မက်ဆိုပိုတေးမီးယားလူမျိုးများက တီထွင်ခဲ့ကြတာပါ။ ထိုခေါင်းအုံးဟာ ကျောက်တုံးဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ပိုက်ဆံချမ်းသာသော လူကုံထံများသာ အသုံးပြုနိုင်ကြပါတယ်။
ရှေးဟောင်းခေါင်းအုံးနဲ့ မတူတဲ့အချက်ကတော့ ယနေ့ခေတ်ခေါင်းအုံးတွေဟာ ပျော့ပျော့အိအိနဲ့ နူးညံ့ပြီး အချို့သူတွေဆို ခေါင်းအုံးအကြီးကြီးကို ဖက်မအိပ်ရရင် အိပ်မပျော်ကြပါဘူး။ တကယ်တမ်းတော့ ခေါင်းအုံးနဲ့ အိပ်စက်ခြင်းဟာ သင် ထင်သလောက် ကျန်းမာရေးအတွက်မကောင်းပါဘူး။
ခေါင်းအုံးမပါဘဲ အိပ်စက်ခြင်းကြောင့် ခံစားရရှိမယ့် အကျိုးကျေးဇူးများကတော့ …
ခါးနာခြင်းကို သက်သာစေခြင်း
ခေါင်းအုံးမပါဘဲ အိပ်စက်တဲ့အခါ သင့်ရဲ့ခန္ဓာကိုယ်အနေအထားက တစ်ဖြောင့်တည်းဖြစ်နေပြီး သင့်ရဲ့ကျောရိုးလည်း ပုံသဏ္ဍာန်မှန်မှန်နဲ့ အိပ်စက်အနားယူနိုင်ပါတယ်။ သင်က မကြာခဏ ခါးနာတတ်တယ်ဆိုရင်တော့ ခေါင်းအုံးမပါဘဲ အိပ်ကြည့်လိုက်ပါ။
လည်ပင်းနာခြင်းကို သက်သာစေခြင်း
ခေါင်းအုံးအများစုက သင့်ရဲ့ခန္ဓာကိုယ်ကို အနေအထားမှန်အောင် မပြုလုပ်ပေးနိုင်ကြပါဘူး။ အထူးသဖြင့် ခေါင်းအုံးက မြင့်နေမယ်ဆိုရင် သင့်လည်ပင်းကလည်း သက်သောင့်သက်သာရှိမှာမဟုတ်ဘဲ လည်ပင်းနာနိုင်ပါတယ်။ ခေါင်းအုံးဖယ်ရှားကာ အိပ်ကြည့်ပါက လည်ပင်းနာခြင်း သက်သာသွားပါလိမ့်မယ်။
ခေါင်းကိုက်ခြင်းကို သက်သာစေခြင်း
သင် အိပ်ရာနိုးလာတဲ့အချိန်မှာ ခေါင်း လေးနေသလိုလို ခေါင်းကိုက်နေသလို ခံစားနေရပါက သင့်ခေါင်းအုံးက တရားခံပါပဲ။ သင့်ခေါင်းအုံးက မြင့်လွန်းတဲ့အခါ သင့်လည်ပင်းနဲ့ ဦးခေါင်းကို ခန္ဓာကိုယ်အရှေ့ဘက်သို့ ပိုရောက်အောင် တွန်းပို့နေပြီး လည်ပင်းကြွက်သားများ တင်းလာစေပါတယ်။ ထိုအချက်ကြောင့်ပဲ မနက်နိုးလာတဲ့အခါ သင် ခေါင်းကိုက်နေရခြင်းဖြစ်ပါတယ်။
စိတ်ဖိစီးမှုကို လျော့ချပေးခြင်း
သင့်ခေါင်းအုံးက အိပ်စက်ရတာ သက်သောင့်သက်သာမရှိတဲ့အခါ အိပ်ရာထဲမှာပဲ ဟိုလှည့်ဒီလှည့်နဲ့ အချိန်ကုန်သွားပြီး အိပ်စက်မရဖြစ်တတ်ပါတယ်။ ဒီလိုအိပ်မရတဲ့ည များလာတဲ့အခါ သင့်ခန္ဓာကိုယ်က အနားယူချိန်မရတော့ဘဲ သင့်ရဲ့စိတ်ခံစားချက်နဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိသွားကာ နေ့လည်ဘက်မှာလည်း ခန္ဓာကိုယ်ကနေ စိတ်ဖိစီးမှုဟော်မုန်းများ ထွက်လာပါလိမ့်မယ်။
ဝက်ခြံပေါက်ခြင်းမှ ကာကွယ်ပေးခြင်း
သင် ညဘက်အိပ်စက်တဲ့အခါ သင့်မျက်နှာက ခေါင်းအုံးနှင့် အများဆုံးထိတွေ့နေရပါတယ်။ ဘယ်သူမှတော့ ခေါင်းအုံးစွပ်ကို နေ့တိုင်းလျှော်ဖြစ်မှာ မဟုတ်ပါဘူး။ ဖုန်မှုန့်များ၊ ဆီများ၊ အညစ်အကြေးများ ကပ်ညှိနေတဲ့ ခေါင်းအုံးစွပ်နှင့် သင့်မျက်နှာက မကြာခဏ ထိတွေ့နေရတဲ့အခါ ဝက်ခြံထွက်ခြင်း၊ နီမြန်းရောင်ရမ်းခြင်းတို့ ဖြစ်ပေါ်တတ်ပြီး အရေးအကြောင်းများလည်း အရွယ်မတိုင်မှီ ပေါ်ထွက်လာတတ်ပါတယ်။
သင့်ဆံကေသာ အလှအပအတွက် အထောက်အကူပြုခြင်း
မနက်အိပ်ရာထတဲ့အခါ ဆံပင်က ခြောက်သွေ့ပြီး ရှုပ်ပွနေတတ်ပါတယ်။ ခေါင်းအုံးနဲ့ အိပ်စက်တဲ့အခါ ဆံပင်နှင့် ခေါင်းအုံးစွပ်တို့ ပွတ်တိုက်မှုဖြစ်ပြီး ဆံပင်ကျွတ်ခြင်း၊ ညှိခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။ ခေါင်းအုံးစွပ်တွေဟာ ဆံကေသာရဲ့အဆီတွေကို စုပ်ယူလိုက်တဲ့အတွက်ကြောင့် သင့်ဆံပင်လည်း ခြောက်သွေ့ကြမ်းတမ်းနေရခြင်းဖြစ်ပါတယ်။
တကယ်လို့ ခေါင်းအုံးမပါဘဲ အိပ်မယ်ဆိုရင်တော့ ဆံကေသာခြောက်သွေ့ကြမ်းတမ်းရခြင်း ပြဿနာမှ ကင်းဝေးရမှာဖြစ်ပါတယ်။
Source: Brightside.me