မျက်နှာမှာ ဝက်ခြံတွေ ခဏခဏထွက်တတ်တာက တကယ်ကို စိတ်ရှုပ်စရာပါပဲနော်။ ဝက်ခြံ Breakout ဖြစ်တဲ့အခါ တစ်ချို့တွေက မျက်နှာအနှံ့ထွက်တတ်သလို တစ်ချို့ကတော့ တစ်နေရာထဲမှာစုပြုံပြီး ထွက်တတ်ကြပါတယ်။ ဝက်ခြံထွက်လေ့ရှိတဲ့ မျက်နှာအစိတ်အပိုင်းအလိုက် သင့်ကျန်းမာရေးအခြေအနေနဲ့ ဝက်ခြံမြန်မြန်ပျောက်ဖို့ ပြုပြင်ပေးရမယ့်အရာတွေကို အကြမ်းဖျဉ်းခန့်မှန်းနိုင်ပါတယ်။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ဝက်ခြံထွက်တဲ့မျက်နှာအစိတ်အပိုင်းနေရာတွေက တစ်ဆင့် သတိပေးနေတဲ့ သင့်ကျန်းမာရေးပြဿနာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

နဖူးနဲ့ နှာခေါင်းပေါ်က ဝက်ခြံ


နဖူးနဲ့နှာခေါင်းနေရာတွေမှာ ဝက်ခြံထွက်တာက Stress များနေတဲ့ လက္ခဏာဖြစ်သလို ညဘက်အိပ်ရေးမဝတာ၊ အစာချေစနစ်နှေးပြီး ဝမ်းချုပ်တတ်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီလိုဝက်ခြံတွေ အမြန်ဆုံးသက်သာဖို့ နဖူးတစ်ဝိုက်ကို စေးကပ်နေတဲ့ဆံပင်နဲ့ထိတာ၊ နှာခေါင်းကို မသန့်တဲ့လက်နဲ့ထိတာ၊ ကုပ်တာမျိုးကိုတွေကို ရှောင်ပေးဖို့လိုပါတယ်။

မျက်ခုံးနားမှာထွက်တတ်တဲ့ ဝက်ခြံ

Photo Source: Navbharat Times

မျက်ခုံးနားမှာ ဝက်ခြံထွက်လာပြီဆိုရင်တော့ သင့်ရဲ့စားသောက်ပုံကိုပြင်ဆင်ပြီး ရေများများသောက်ဖို့ လိုလာပါပြီ။ မျက်ခုံးပေါ်မှာပေါက်တဲ့ဝက်ခြံက ရေဓာတ်ခန်းခြောက်ခြင်းကိုပြသလို အဆီများတဲ့အစားအသောက်တွေစားမိတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါ့အပြင် မျက်ခုံးမွှေးအဆီပြန်ပြီး ချွေးပေါက်ပိတ်ရာကတစ်ဆင့်လည်းဖြစ်တတ်တာမို့ မျက်ခုံးနေရာကို သေချာသန့်စင်ပေးဖို့လည်း မမေ့သင့်ပါဘူး။

ပါးပေါ်က ဝက်ခြံ


ပါးပေါ်မှာဝက်ခြံတွေထွက်ရတဲ့ အကြောင်းအရင်းကတော့ များသောအားဖြင့် မသန့်တဲ့ပစ္စည်းတွေနဲ့ ထိမိတာကြောင့်ပါပဲ။ ညစ်ပတ်တဲ့ ခေါင်းအုံးစွပ်တွေ၊ သေချာမသန့်စင်ထားတဲ့ မိတ်ကပ် Brush တွေ၊ ဖုန်းမျက်နှာပြင်မှာရှိတဲ့ ဘက်တီးရီးယားတွေနဲ့ ထိမိရာကတစ်ဆင့် ပိုးဝင်ပြီး အလွယ်တကူ ဝက်ခြံထွက်လာတတ်တာပါ။

နားရွက်နားမှာထွက်တတ်တဲ့ ဝက်ခြံ

Photo Source: eMediHealth

နားရွက်နားက ဝက်ခြံတွေက သင့်ခန္ဓာကိုယ်တွင်း ဟော်မုန်းမညီမျှတာ၊ စိတ်ဖိစီးမှုများတာနဲ့ ခေါင်းလျှော်ရည်၊ မိတ်ကပ်ပစ္စည်းတစ်ခုခုနဲ့ ဓာတ်မတည့်တာတွေကို ဖော်ပြနေပါတယ်။ ဒါကြောင့် နားတစ်ဝိုက် ဝက်ခြံမထွက်အောင် မိတ်ကပ်နဲ့ခဏခဏထိတွေ့တာမျိုးကိုရှောင်ပြီး ပုံမှန်သန့်စင်ပေးကာ ကိုယ်သုံးတဲ့ပစ္စည်းတွေနဲ့ ဓာတ်မတည့်မှုရှိမရှိ ပြန်စစ်ဆေးတာမျိုးလုပ်ပေးဖို့လိုပါတယ်။

မေးစေ့ပေါ်က ဝက်ခြံ

Photo Source: freepik

မေးစေ့ပေါ်က ဝက်ခြံတွေဖြစ်ရတဲ့အကြောင်းကတော့ မျက်နှာသန့်စင်မှုအားနည်းပြီး ချွေးပေါက်တွေပိတ်တာ၊ ဟော်မုန်းအပြောင်းအလဲဖြစ်တာနဲ့ ကျန်းမာရေးနဲ့မညီတဲ့ စားသောက်ပုံတွေရှိတာကြောင့်ပဲဖြစ်ပါတယ်။ တတ်နိုင်သလောက် မေးစေ့ပေါ်ဝက်ခြံ Breakout မဖြစ်ရအောင် အချိုလျှော့စားပေးပါ။ မေးစေ့ကိုမသန့်တဲ့အရာတွေနဲ့ ထိတွေ့မှုမရှိအောင်လည်း ရှောင်ပေးဖို့လိုပါတယ်။

Photo Source: Pinterest

By MyStyle Myanmar