BB Cream ဆိုတဲ့စကားလုံးက မိတ်ကပ်နဲ့ အမြဲထိတွေ့နေရတဲ့ စာဖတ်သူတို့နဲ့ ရင်းနှီးမယ်လို့ထင်ပါတယ်။ အခုတစ်ခါမှာလည်း BB Cream နဲ့ပတ်သက်ပြီး အကြောင်းအရာလေးတွေကို ဒီဆောင်းပါးလေးမှာ ဖော်ပြပေးသွားမှာပါ။

BB Cream က ဘာလဲ

BB Cream က အသားအရေမှာ အဖုအပိမ့်တွေပေါက်နေရင် အပြစ်အနာအဆာမရှိအောင်ဖုံးကွယ်ပေးပြီး အသားအရောင်မညီမညာဖြစ်နေခြင်းကို ညီညာအောင်ပြုလုပ်ပေးတဲ့ ထုတ်ကုန်ပစ္စည်းပဲဖြစ်ပါတယ်။

ဒါ့အပြင် အဆီပြန်မှုကိုလည်း ထိန်းချုပ်ပေးပြီး အသားရေအစိုဓာတ်ရှိနေအောင်လည်း ကူညီပေးပါသေးတယ်။ ဒါ့ကြောင့် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအနေနဲ့ မဖြစ်မနေသုံးစွဲသင့်တဲ့ ခရင်မ်တစ်မျိုးပဲဖြစ်ပါတယ်။

BB Cream သုံးစွဲခြင်းရဲ့အကျိုးကျေးဇူးများ

အဆီပြန်ခြင်းကို ထိန်းချုပ်ပေးတဲ့အပြင် နေရောင်ခြည်ဒဏ်ကိုလည်း ကာကွယ်ပေးပါသေးတယ်။ အမဲစက်များ၊ အစက်အပြောက်များ၊ ချွေးပေါက်ကျယ်ခြင်း၊ ပါးရေတွန့်ခြင်းနဲ့ အရေးအကြောင်းများကိုလည်း ဖုံးကွယ်ပေးနိုင်ပါသေးတယ်။

ဒါ့အပြင် ညက ဘော်ဒါတွေနဲ့သောက်တာများသွားလို့ လူကမလန်းမဆန်းဖြစ်နေတဲ့အခါ ညစ်နွမ်းနေပုံပေါက်တဲ့အသားရေကို ကြည်လင်တောက်ပလာအောင် ကူညီပေးနိုင်ပါသေးတယ်။ BB Cream အမျိုးအစားတွေကလည်း အများကြီးရှိတာကြောင့် ကိုယ့်အသားအရောင်နဲ့လိုက်ဖက်တဲ့ အရောင်ကို ရွေးချယ်ဖို့လိုပါတယ်။

ကိုယ့်အသားရေနဲ့လိုက်ဖက်တဲ့ BB Cream ကို ဘယ်လိုရွေးချယ်ရမလဲ

ကိုယ့်အသားအရေနဲ့လိုက်ဖက်တဲ့ ခရင်မ်ကို ရွေးချယ်ဖို့ဆိုရင် လူအများစုက လက်ကောက်ဝတ်မှာ စမ်းလိမ်းတတ်ကြပါတယ်။ တကယ်တော့ ဒါက မှားယွင်းနေတာပါ။ စာဖတ်သူရဲ့ လည်ပင်းမှာ စမ်းလိမ်းကြည့်ပြီး ကိုယ့်အသားအရေနဲ့ တစ်ထပ်တည်းကျပြီး အနီးစပ်ဆုံးဖြစ်တဲ့ အရောင်ကို ရွေးချယ်ရမှာပဲဖြစ်ပါတယ်။