လူတွေဟာ IQ လို့ခေါ်တဲ့ ဉာဏ်ရည်ပြကိန်းတွေမှာ စွဲလမ်းကြပါတယ်။ IQ Score မြင့်ခြင်းဟာ ထက်မြက်ပြီး ဉာဏ်ရည်မြင့်တဲ့ လူတော်တစ်ယောက်ရဲ့ အမှတ်လက္ခဏာလိုလည်း ဖြစ်နေပါတယ်။ လူတစ်ယောက်ဟာ IQ ဘယ်လောက်ရှိရင် ပုံမှန်ဉာဏ်ရည် ရှိသလဲ။ ပါရမီရှင် ဉာဏ်ရည်ဆိုရင် IQ Score ဘယ်လောက်တောင် ရှိသလဲဆိုတာကို သိချင်ကြမှာပါ။

၁၉၀၀ ပြည့်လွန်နှစ်တွေမှာ ပြင်သစ်အစိုးရရဲ့ တောင်းဆိုချက်အရ ကျောင်းသားတွေ ဉာဏ်ရည်ဉာဏ်သွေးကို ဆုံးဖြတ်နိုင်ဖို့ အဲလ်ဖတ်ဘင်းနက်နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ သီအိုဒို ဆိုင်မွန်တို့ဟာ အာရုံစူးစိုက်မှု ၊ မှတ်သားဉာဏ်နဲ့ ပြဿနာဖြေရှင်းမှု စွမ်းရည် စတဲ့ အရည်အသွေးပိုင်းကို ဦးစားပေး မေးခွန်းထုတ်တဲ့ စနစ် ကျင့်သုံးခဲ့ပါတယ်။

Photo: Free IQ test

ပထမဆုံး ဉာဏ်ရည်စစ်ဆေးမှုကို Binet-Simon Scale လို့ ခေါ်ခဲ့ကြပါတယ်။ စိတ်ဝင်စားစရာက ဘင်းနက်ကိုယ်တိုင်ကလည်း သူ့ရဲ့ စိတ်ပညာဖြစ်စဉ်အတွက်အချက် ကိရိယာသုံးပြီး ဉာဏ်ရည်တိုင်းတာတဲ့ စနစ်ဟာ အကန့်အသတ်တွေ ရှိတယ်လို့ ယူဆခဲ့တာပါ။ နောက်ပိုင်းမှာ Intelligence Quotient (IQ) လို့ ခေါ်တဲ့ Single Number သုံး ဉာဏ်ရည်စစ်ဆေးမှုကို လုပ်ပြီး တစ်ဦးချင်းကို စမ်းသပ်မှု လုပ်ခဲ့ပါတယ်။ ဒါကိုတော့ Standard-Binet ဉာဏ်ရည်စစ်ဆေးမှုလို့ ခေါ်ပါတယ်။

တကယ်တော့ IQ Test မှာ ပျမ်းမျှ ရမှတ်ဟာ ၁၀၀ ဖြစ်ပါတယ်။ သိသိသာသာ ဉာဏ်ရည်နိမ့်ပါးသူ ဦးနှောက်ကျပ်မပြည့်သူတွေဟာ IQ Score ၈၅ မှတ်အောက်မှာ ရှိပါတယ်။ IQ ရမှတ် ၈၅ မှတ်နဲ့ ၁၁၄ မှတ် အတွင်း ရသူတွေဟာ ပုံမှန်ဉာဏ်ရည်ရှိကြပြီး ၁၁၅ မှတ်နဲ့ ၁၂၉ မှတ်အကြား ရှိသူတွေဟာ ဉာဏ်ထက်တယ်လို့ ပြောနိုင်ပါတယ်။

Photo: VeryWellMind

ထူးချွန်တဲ့ ဉာဏ်ရည်ပိုင်ရှင်တွေဟာ IQ ရမှန် ၁၃၀ နဲ့ ၁၄၄ မှတ်အကြား ရပြီး ဒီထက်ပိုထူးချွန်တဲ့သူတွေဟာ ရမှတ် ၁၄၅ နဲ့ ၁၅၉ ရှိသူတွေ ဖြစ်ပါတယ်။ အလွန်တရာဉာဏ်ထက်ပြီး ပါရမီရှင်တွေဟာ IQ ရမှတ် ၁၆၀ နဲ့ အထက် မှာ ရှိပါတယ်။ ပုံမှန်လူအများစုဟာ IQ ရမှန် ၈၅ မှတ်ကနေ ၁၁၅ မှတ် ရှိကြပေမယ့် ပါရမီရှင်တွေဟာ IQ ရမှတ် ၁၆၀ ကျော်ကြပါတယ်။

ထင်ရှားတဲ့ သိပ္ပံပညာအကျော်အမော် အဲလ်ဘတ်အိုင်စတိုင်းနဲ့ စတီဖင်ဟောင်းတို့ဟာ IQ ရမှတ် ၁၆၀ ကျော်သူတွေ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာလည်း IQ ရမှတ်မြင့်သူတွေ တိုးလာပြီလို့ ဆိုပါတယ်။ ပါရမီရှင်တွေဟာ IQ ရမှတ် ၁၆၀ နဲ့ အထက်ရှိသူတွေလို့ ပြောကြပေမယ့် အောင်မြင်မှုရတဲ့ လူတစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ IQ အပြင် EQ လည်း ကောင်းဖို့ လိုမှာပါ။