ညဘက် စောစောအိပ်ရာဝင်ခြင်းရဲ့ နောက်ကွယ်မှာ ခန္ဓာကိုယ်နဲ့ စိတ်ကျန်းမာရေးအပေါ် အပေါင်းလက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေအများကြီးရှိစေပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ ည (၁၀) နာရီမှာ အိပ်ရာဝင်ရင် သင့်ခန္ဓာကိုယ်မှာ ပြောင်းလဲသွားတဲ့ အရာတွေအကြောင်း ပြောပြပေးသွားမှာပါ။

အိပ်ချိန် ပိုရလာမယ်

ကျွမ်းကျင်သူတွေက အိပ်စက်ချိန်ကို ကောင်းကောင်းအိပ်မောကျတဲ့အချိန်နဲ့ ကောင်းကောင်းအိပ်မပျော်သေးတဲ့အချိန်ဆိုပြီး နှစ်ပိုင်းခွဲခြားထားပါတယ်။ ကောင်းကောင်းအိပ်ပျော်တဲ့အချိန်နဲ့ အကောင်းဆုံးအနားရတဲ့အချိန်က ည (၁၀) နာရီနဲ့ မနက် (၂) နာရီအတွင်းမှာ ဖြစ်ပါတယ်။ ဒါကတော့ ကောင်းကောင်းအနားရချင်ရင် စောစောအိပ်ရာဝင်ရမယ်ဆိုတာပါပဲ။

ပိုပြီးသန်မာလာမယ်

လူတွေအိပ်နေချိန်မှာ ခန္ဓာကိုယ်က ကြီးထွားဟော်မုန်းတွေထုတ်ပေးတာ ဟော်မုန်းတွေ ပြုပြင်ပေးတာ စသဖြင့် သူ့ဘာသာသူ ကုသပေးလေ့ရှိပါတယ်။ ဒီလုပ်ဆောင်ချက်တွေက နောက်နေ့အတွက် အသင့်ဖြစ်နေဖို့အရေးကြီးပါတယ်။ အထူးသဖြင့် အားကစားသမားတွေအတွက် အိပ်ချိန်ပြည့်ဝနေဖို့ အလွန်အရေးကြီးပါတယ်။

စိတ်ဖိစီးမှု လျော့ကျလာမယ်

အိပ်ချိန်ပြည့်ဝစွာမရရှိခြင်းက Cortisol ဟော်မုန်းပမာဏကို တိုးပွားလာစေပြီး စိတ်ဖိစီးမှုကို ဖြစ်ပေါ်လာစေပါတယ်။ cortisol ဟော်မုန်းအရမ်းများတာက သင့်ကို စိုးရိမ်ပူပန်မှုတွေခံစားရစေပြီး သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် ညဘက်စောစောအိပ်ရာဝင်ပြီး အိပ်ချိန်ပြည့်ဝပါက cortisol ဟော်မုန်းပမာဏ လျှော့ကျစေပြီး စိတ်ဖိစီးမှုကို သက်သာစေပါတယ်။

စိတ်ခံစားချက်ကို ကောင်းကောင်းထိန်းချုပ်လာနိုင်မယ်

သတ်မှတ်ထားတဲ့အချိန်မှာ ကောင်းကောင်းအိပ်စက်တဲ့သူတွေက ဘဝမှာ ပိုပြီးပျော်ရွှင်ကြရတယ်လို့ လေ့လာချက်တချို့က ဆိုပါတယ်။ ကျွန်တော်တို့တွေ အိပ်ချိန်လုံလုံလောက်လောက်မရရင် စိတ်က မတည်မငြိမ်ဖြစ်လာပြီး စိတ်ခံစားချက်တွေကို ထိန်းချုပ်ဖို့ ခက်ခဲလာနိုင်ပါတယ်။ စောစောအိပ်စက်မယ်ဆိုရင် စောစောထဖို့လည်း လိုပါတယ်။