လူတော်တော်များများက အားကစားလုပ်နေစဉ်အတွင်း နဲ့ အားကစားလုပ်ပြီးချိန်မှာ ရေများများသောက်ခြင်းဟာ မကောင်းဘူးလို့ ယူဆထားကြတယ်။ ကျွင်းကျင်သူတွေကတော့ ခန္ဓာကိုယ်အနေနဲ့ လုံလောက်တဲ့ ရေပမာဏ မရရှိခဲ့ရင် ဆိုးကျိုးတွေရရှိနိုင်တယ်လို့ ပြောထားကြပါတယ်။

ဒီနေ့ဆွေးနွေးပေးသွားမှာကတော့ အားကစားလုပ်ပြီး ရေလုံလောက်စွာ မသောက်သုံးရင် ခန္ဓာကိုယ်မှာဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေအကြောင်းပါ။

အသားအရေတွေ ခြောက်ကပ်လာမယ်

အားကစားလုပ်ခြင်းက အသားအရေ နုပျိုခြင်းနဲ့ အိုမင်းခြင်းအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ အားကစားလုပ်ခြင်းက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ကော်လဂျင် များများထုတ်ပေးခြင်းဖြင့် အသားအရေတွန့်ခြင်းကို လျှော့ကျစေပါတယ်။

အဆီမကျပဲ ရေဓာတ်ဆုံးရှုံးမယ်

တစ်ချို့လူတွေက အားကစားလုပ်နေစဉ်အတွင်းမှာ ရေမသောက်ဘူးဆိုရင် ဝိတ်မြန်မြန်ကျတယ်လို့ ယူဆထားကြတယ်။ အားကစားလုပ်ပြီးပြီးချင်းမှာ ဝိတ်ချိန်ကြည့်လိုက်ရင် ဝိတ်နည်းနည်းကျနေတာကို တွေ့ပါလိမ့်မယ်။ ဒါပေမယ့် အဆီပိုတွေ လောင်ကျွမ်းသွားတာမဟုတ်ပါဘူး။

ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ရေဓာတ်တွေ ဆုံးရှုံးသွားတာပါ။ ရေဓာတ်မလုံလောက်ခြင်းက အဆီပိုတွေလောင်ကျွမ်းမှုကို နှေးကွေးစေပါတယ်။ သွေးလည်ပတ်မှုကိုလည်း အနှောက်အယှက်ဖြစ်စေတာကြောင့် အသားအရေတွေ ခြောက်ကပ်လာပါလိမ့်မယ်။

အဆိပ်အတောက်တွေ ခန္ဓာကိုယ်ထဲမှာ ကျန်နေမယ်

အားကစားလုပ်တဲ့အချိန်မှာ ခန္ဓာကိုယ်ဟာ ချွေးတွေကနေတဆင့် အဆိပ်အတောက်တွေကို အရေပြားကနေဖြတ်ပြီး စစ်ထုတ်ပေးပါတယ်။ တကယ်လို့ ရေကိုလုံလောက်စွာမသောက်ဘူးဆိုရင် အဆိပ်အတောက်တွေကို စစ်ထုတ်ဖို့ ချွေးပမာဏ မလုံလောက်တာကြောင့် အဆိပ်အသောက်တွေက ခန္ဓာကိုယ်ထဲမှာ ကျန်နေခဲ့မှာပါ။

ကြွက်သားတွေ နာလာမယ်

အားကစားလုပ်ပြီးရင် ကြွက်သားနာတာက ပုံမှန်ပါပဲ။ ဒါပေမယ့် ရေလုံလုံလောက်လောက်မသောက်ရင်တော့ ကြွက်သားနာတာဟာ ရက်ပေါင်းများစွာကြာနိုင်ပါတယ်။

အာရုံစူးစိုက်နိုင်မှု လျှော့ကျလာမယ်

ခန္ဓာကိုယ်အတွင်း ရေဓာတ် (၁) သို့ (၂) ရာခိုင်နှုန်းလောက် ဆုံးရှုံးသွားရင်တောင် တခုခုကို အာရုံစူးစိုက်နိုင်စွမ်း လျှော့ကျလာတတ်ပါတယ်။ ပြီးတော့ စိတ်ပင်ပန်းပြီး မောပန်းခြင်းကို ခံစားရနိုင်ပါတယ်။