အိပ်ရေးဝဝ အိပ်စက်ခြင်းက သင့်ရဲ့စိတ်ခံစားချက်များကို ကောင်းမွန်စေပြီး တစ်နေ့တာလုံးမှာ တက်ကြွလန်းဆန်းနေစေပါတယ်။ ဒါ့အပြင် နှလုံးကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပြီး အသားအရေအလှအပကိုလည်း ထိန်းသိမ်းပေးထားနိုင်ပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ အိပ်ရေးဝဝ မအိပ်စက်ပါက နှလုံးရောဂါ ခံစားရစေပြီး စိတ်ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ ဒါတင်မကသေးပါဘူး။ စိတ်တို ဒေါသထွက်လွယ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတို့ကိုပါ ခံစားရစေနိုင်ပါတယ်။

သင့်အနေနဲ့ သုံးရက်ထက်ပိုပြီး အိပ်ရေးပျက်ည များလာပါက အခုဖော်ပြပေးမယ့် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရစေပါလိမ့်မယ်။

စဉ်းစားဆုံးဖြတ်နိုင်စွမ်း ကျဆင်းခြင်း

သုတေသန စမ်းသပ်ချက်တစ်ခုအရ လူ ၂၆ ယောက်ကို ၂ ရက်တိတိ အိပ်ရေးပျက်ခံစေပြီးနောက် ဆုံးဖြတ်ချရန်လိုအပ်သော လုပ်ငန်းဆောင်တာများကို ဆောင်ရွက်စေပါတယ်။ အိပ်ရေးပျက်ထားခြင်းကြောင့် မှန်ကန်တဲ့ဆုံးဖြတ်ချက်များကို မချနိုင်တော့ဘဲ ဝေခွဲမရဖြစ်တတ်ပါတယ်။

အသားအရေ ပျက်စီးစေခြင်း

အိပ်ရေးပျက်ခြင်းက ကောလဂျင်များကို ပျက်စီးစေပြီး အသားအရေအလှအပကို ထိန်းသိမ်းပေးထားတဲ့ ပရိုတင်း ထုတ်လုပ်မှုကို လျော့ကျစေပါတယ်။ လေ့လာချက်အရ အိပ်ရေးဝဝ အိပ်စက်အနားယူသူများက အရွယ်အတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်တယ်လို့ သိရှိရပါတယ်။

စိတ်မပျော်မရွှင် ဖြစ်စေခြင်း

လူတစ်ယောက်ရဲ့မျက်နှာကို ကြည့်လိုက်တာနဲ့ ဒီလူက အိပ်ရေးဝဝ အိပ်စက်ထားတဲ့သူလား။ အိပ်ရေးပျက်ထားတဲ့လူလားဆိုတာ သိနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အိပ်ရေးပျက်ထားတဲ့လူရဲ့မျက်နှာက ပင်ပန်းနွမ်းနယ်ပုံပေါက်နေပြီး စိတ်မပျော်ရွှင်တဲ့ပုံဖြစ်နေတတ်လို့ပါပဲ။

ဦးနှောက်စွမ်းဆောင်ရည်ကို ကျဆင်းစေခြင်း

အိပ်ရေးပျက်ညများ တဖြည်းဖြည်းများလာသည်နှင့် သင့်ဦးနှောက်အရွယ်အစားကလည်း ကျုံ့သွားတတ်ပါတယ်။ မှတ်ဉာဏ်စွမ်းအား ကျဆင်းကာ ဦးနှောက်က ကောင်းစွာ အလုပ်လုပ်နိုင်မှာမဟုတ်တော့ပါဘူး။

ဝိတ်တက်ခြင်း

ချီကာဂိုတက္ကသိုလ်မှ ဆရာဝန်များရဲ့ ပြောကြားချက်အရ အိပ်ရေးပျက်ခြင်းက အစားစားချင်စိတ်နဲ့ တိုက်ရိုက်ဆက်နွယ်နေတယ်ဆိုတာကို သိရှိနိုင်ပါတယ်။ အိပ်ရေးပျက်လေ အစားများများစားဖြစ်လေ ဝိတ်ပိုတက်လေပါပဲ။ သင့်အနေနဲ့ ဝိတ်ချဖို့ စဉ်းစားထားတယ်ဆိုရင်တော့ အိပ်ရေးဝဝ အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။

သင်ရော အိပ်ရေးဝဝ အိပ်စက်အနားယူနိုင်ရဲ့လား။ အိပ်ရေးပျက်တဲ့အခါ အခုဖော်ပြသွားတဲ့ဆိုးကျိုးတွေထဲက ဘယ်လိုနောက်ဆက်တွဲဆိုးကျိုးကို ခံစားရလေ့ရှိပါသလဲ။

Source: Brightside.me