Miley Cyrus, Bella Thorne, Ashley Graham တို့လို ကမ္ဘာကျော်ဟောလိဝုဒ် အနုပညာရှင်တွေက ချိုင်းမွှေးရိတ်ရတာကို မကြိုက်ကြသလို ကော်ဇောနီပေါ်ကိုလည်း ရဲရဲဝင့်ဝင့်လျှောက်လှမ်းခဲ့ဖူးကြပါတယ်။ ဒီလိုအခြေအနေမျိုးအပေါ် ပရိတ်သတ်တွေရဲ့တုံ့ပြန်ချက်ကတော့ နှစ်မျိုးကွဲပါတယ်။

တချို့က ဒီလိုချိုင်းမွှေးမရိတ်တာက မသင့်တော်ဘူးလို့ တွေးကြသလို တချို့ကျတော့လည်း မြင်တွေ့နေကျ အလှအပစံနှုန်းတွေကနေပြီး ခွဲထွက်ဖို့အချိန်ရောက်ပြီဆိုပြီးထင်ကြပါသေးတယ်။ ချိုင်းမွှေးရိတ်မယ်မရိတ်ဘူးဆိုတာက ကိုယ့်ရွေးချယ်မှုဆိုပေမယ့်လည်း ကျန်းမာရေးရှုထောင့်ကကြည့်ပြီး အမွှေးမရိတ်ခြင်းရဲ့ သိပ္ပံအခြေခံ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေလဲဆိုတာ ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်လိုက်ပါ။

အသားအရေကူးစက်မှုတွေဖြစ်တာနည်းလာမယ်

နေ့တိုင်း ချိုင်းမွှေးရိတ်ရမှ နေသားကျတယ်ပဲပြောပြော အခန့်မသင့်လို့ ထိမိခိုက်မိတာရှိကောင်းရှိနိုင်သလို သေသေချာချာ ပြန်ပြီးဂရုမစိုက်မိရင်လည်း အသားအရေဆိုင်ရာပြဿနာတွေကို ကြုံတွေ့လာရနိုင်ပါတယ်။ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး ပေါ့ပေါ့ဆဆနေလိုက်မိတဲ့ ဓားရှရာလေးကနေပြီး Folliculitis လို့ခေါ်တဲ့ မွှေးကျွတ်နာထိ ဖြစ်လာနိုင်ပါတယ်။

အသားအရေပြဿနာတွေကြိုတင်ကာကွယ်နိုင်မယ်

ချိုင်းမွှေးမရိတ်ဘဲနေမယ်ဆိုရင် ဘလိတ်ဓားရှရာတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး အမွှေးသစ်ပြန်ပေါက်လို့ အသားအရေယားယံတာမျိုးတွေ၊ အသားပိုတွေနဲ့ ချိုင်းဝက်ခြံ စတဲ့ အသာအးအရေပြဿနာတွေက ပေါ်လာနိုင်ပါတယ်။

ထိခိုက်ရှနာရှိထားတာတွေ မြန်မြန်ပျောက်လွယ်တယ်

ခန္ဓာကိုယ်မှာ ထိခိုက်ရှနာတွေရှိတယ်ဆို ဘလိတ်ဓားကို လောလောဆယ်ပစ်ထားလိုက်ပါ။ ဘာလို့လဲဆိုတော့ ခန္ဒာကိုယ်မှာ သဘာဝအတိုင်းပေါက်လာတဲ့အမွှေးက ပြန်လည်ကုသနှုန်းကို မြန်ဆန်စေလို့ဖြစ်ပါတယ်။

ပွန်းရှမှုတွေမဖြစ်တော့ခြင်း

သင်က လေ့ကျင့်ခန်းတွေနဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေ များများလုပ်တတ်သူဆိုရင် ချိုင်းမှာပွန်းရှတာတွေနဲ့ အနီကွက်တွေဖြစ်တတ်တယ်ဆိုတာ သတိထားမိမှာပါ။ အကြောင်းအရင်းက ထွက်လာတဲ့ချွေးနဲ့ အသားအရေကြား ပွတ်တိုက်မှုတွေဖြစ်လာတဲ့အခါ အသားအရေပွန်းတာတွေဖြစ်လာနိုင်ပါတယ်။

Source: BrightSide

By MyStyle Myanmar